အနီ

သစ်ပင်ကိုကွယ်ပြီး ကျွန်တော်ဓာတ်ပုံရိုက်နေတုန်းပဲ အဲ့ဒီ့ကွယ်ထားတဲ့ သစ်ပင်ကို ကျည်ဆန်လာမှန်တာ။ သစ်ပင်အစအနတွေ ဖွာခနဲဖြစ်သွားတာနဲ့ ကျည်ဆံတွေ ဖြတ်သွားတဲ့အသံနဲ့က တပြိုင်နက်လိုလိုပဲ။ ကျွန်တော် ဒေါသတွေထွက်ပြီး ဆဲလိုက် ဓာတ်ပုံဆက်ရိုက်လိုက်နဲ့ လုပ်နေသေးတယ်။ နောက်တော့ ဘေးနားကနေ “ဓာတ်ပုံဆရာ ပြေးတော့ ပြေးတော့ သွားတော့” လို့ အော်သံကြားမှ ဘေးဘီကို သတိဝင်ပြီး လှည့်ကြည့်တော့ ကျွန်တော်ရှိနေတဲ့ နေရာမှာ ဆန္ဒပြနေသူတွေ မရှိတော့ဘူး။ ဒိုင်းတွေနဲ့ မိုလိုတော့တွေ​ကိုင်ထားပြီး တခြားသူတွေ ဆုတ်ပြေးလို့ရအောင် ခံချပေးနေတဲ့ ရှေ့တန်း ၄ ယောက်လောက်ပဲ ကျန်တော့တယ်။

နောက်တော့ ကျွန်တော် ကုန်းကုန်းကွကွ ငုံ့ကိုင်းပြီးတော့ပဲ အကာအကွယ်ရှိတဲ့ နောက်ဘက် နေရာတွေဆီ ပြေးခဲ့ရတယ်။ ရှေ့ဘက်မှာတော့ ဟိုကောင်တွေက ကျည်အစစ်ရော ရာဘာကျည်တွေရော ပစ်ရင်းနဲ့ကို တက်လာနေကြပြီ။ ပြေးနေရင်း တိုက်အပေါ်ထပ်တွေက ကြည့်နေတဲ့လူတွေက “လူထိသွားပြီ ထိသွားပြီ” ဆိုပြီး အလန့်တကြား အော်ကြတော့ နောက်ဘက်နားကျည်ကွယ်မှာ နေတဲ့ ကောင်လေး ၃ ယောက်လောက် ရှေ့ဘက်ပြန်တက်ပြီး ထိသွားတဲ့လူကို သွားဆွဲကြတယ်။ ကျွန်တော်လည်း ရှေ့ဘက်ပြန်ပြေးပြီး သူတို့ သယ်လာတာကို ဓာတ်ပုံတွေ လိုက်ရိုက်ဖြစ်တယ်။ ထိသွားသူကို သယ်ပြေးလာတဲ့ လူတွေရဲ့ ယူကျုံးမရ မျက်ဝန်းတွေ၊ အထိတ်တလန့်အကြည့်တွေ၊ မျက်နှာတခြမ်းကြီးပွင့်ထွက်နေတဲ့ ကျည်ထိထားတဲ့လူ။ ကွယ်ရင်း ပြေးရင်း သယ်လာရင်း ကျွန်တော်ကလည်း ဓာတ်ပုံတွေ တောက်လျှောက်ရိုက်ရင်း ကားပေါ်ကို လူနာကို တင်လိုက်တဲ့အချိန်မှာပဲ မျက်ဖြူလန်ပြီး သူ သေသွားတာပဲ။ အဲ့ဒီအခါမှ ကျွန်တော် သေချာ သတိထားမိတယ်။ သေသွားတဲ့လူက ခုနက ကျွန်တော့်ကို “ဓာတ်ပုံဆရာ ပြေးတော့”လို့ သတိပေးတဲ့လူ။ 

ဓာတ်ပုံသတင်းထောက်သက်တမ်း ကြာနေတဲ့လူဆိုတော့ ကျွန်တော်ဟာ အနိဌာရုံမြင်ကွင်းတွေကို မြင်ဖူးနေကျတော့ ဖြစ်နေပြီ။ ဖားကန့်မှာ မြေပြိုလို့ ရာနဲ့ချီပုံနေတဲ့ လူသေအလောင်းတွေ၊ ရေကြီးရေလျှံလို့ လူတွေသေကြ အိမ်တွေပြိုကြနဲ့ မြင်ကွင်းတွေ၊ ရွာလုံးကျွတ် မီးရှို့ခံထားရတဲ့ ပုံရိပ်တွေကို မြင်ဖူးနေကြဖြစ်လို့ အခု တစ်ခါလည်း ကျွန်တော်က ဘာမှမဖြစ်ပါဘူးဆိုတဲ့ စိတ်နဲ့ပဲ တစ်နေ့တာကို ဆက်လှုပ်ရှားဖြစ်တယ်။ အိမ်ပြန်ရောက်လို့ ရေချိုးအဝတ်လဲတော့မှ ကျွန်တော့် အဝတ်တွေမှာ စွန်းကွက်နေတဲ့ သွေးစအချို့ကို သတိထားမိတယ်။ ချက်ချင်းပဲ ကျွန်တော် ဟိုလူကို ပြန်မြင်ယောင်တယ်။ အဝတ်တွေကိုလျှော်နေရင်း ကျွန်တော် သူ့မျက်နှာကိုဖျောက်လို့မရဘဲ မြင်ယောင်နေတယ်။ သူတင်မကဘူး ကျွန်တော်အရင်က မြင်ဖူးထားသမျှ လူသေတွေရဲ့ မျက်နှာတွေကို ပြန်မြင်လာတယ်။ အရင်က သတင်းဓာတ်ပုံတွေရိုက်ရင်း ကြုံဖူးထားသမျှ အနိဌာရုံတွေကို ပြန်မြင်လာ ပြန်ကြားလာတယ်။ ပျို့တက်လာတယ်။ ကျွန်တော် အန်ပစ်လိုက်တယ်။

သတင်းထောက်ဆိုတော့ လုံခြုံရေးကြောင့် မိသားစုနဲ့ မနေဘဲ တစ်ယောက်ထဲ ကျွန်တော် နေရတော့ ညအိပ်ချိန် အိမ်က ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေတယ်လို့ အဲ့ဒီ့ညက ခံစားရတယ်။ ဆူညံသံတွေရှိမှ လူဆိုတာ အိပ်မရဖြစ်တတ်တာ မဟုတ်ဘူးလား၊ အခုကျတော့ အရမ်းတိတ်ဆိတ်နေလို့ ကျွန်တော်အိပ်မပျော်ဘူး။ နားထဲမှာ “ဓာတ်ပုံဆရာ ပြေးတော့” ဆိုတဲ့ အသံကိုပဲ ကြားနေတယ်။ မျက်စိမှိတ်လိုက်ရင် အနီရောင်အကွက်ကြီးတွေ​ ကျွန်တော် မြင်တယ်။ မျက်ဖြူလန်သွားတာ။ မျက်နှာတခြမ်းကြီးပွင့်နေတာ။

 ကျွန်တော် မအိပ်ဘဲ ဂစ်တာတီးနေလိုက်တယ်။

အဲ့ဒီနေ့က စတယ်။ ကျွန်တော် ညတွေ အိပ်လို့မရဘူး။ တစ်ယောက်ထဲ ဖြစ်နေရင် အသံတွေ တိတ်ဆိတ်နေတာကို မခံနိုင်ဘူး။ နားထဲက လေတိုးသံ ကျည်ဖြတ်သွားသံကို ဖျောက်မရဘူး။ ကျွန်တော် ဂစ်တာတီးတယ်။ တစ်ခုခု အသံကို ကြားနေရမှဖြစ်တယ်။ စကားတွေ​ပြောချင်တယ်။ စကားသံကို ကြားချင်တယ်။ ကျွန်တော်ဘာကိုမှန်းမသိ စိတ်အလိုမကျအမြဲဖြစ်နေတယ်။ ဒေါသတွေထွက်တယ်။ ဘာကိုမှ စိတ်မရှည်ဘူး။ ငိုသံတွေကို မကြားချင်ဘူး။ ငိုနေတဲ့ မျက်လုံးတွေကို မမြင်ချင်ဘူး။ ကျွန်တော့် အမျိုးသမီး ဝမ်းနည်းလို့ ငိုတဲ့အခါ အရင်လို မချော့နိုင်ဘူး။ “မငိုနဲ့စမ်းကွာ”လို့ စိတ်တိုတိုနဲ့ အော်မိတယ်။ ကျွန်တော် ညတွေ အိပ်မပျော်ဘူး။ မအိပ်ချင်ဘူး။ အိပ်မှ ဖြစ်မယ်ဆိုတာ ကျွန်တော်သိတယ်။ ကောင်းကောင်း အိပ်ရေးဝဝ စိတ်ချလက်ချ တစ်ညလောက် ဖြစ်ဖြစ် အိပ်ပျော်သွားရင် အတော်လေး ကောင်းမယ်ဆိုတာသိတယ်။ အိပ်ပျော်ဖို့ ကျွန်တော် နည်းလမ်းတွေ အများကြီး ကြိုးစားတယ်။ ကောင်းတဲ့ မှန်ကန်တဲ့ နည်းလမ်းတွေကုန်သွားတဲ့အထိ အိပ်လို့ မရတဲ့အခါ မမှန်တဲ့ မကောင်းတဲ့ နည်းလမ်းတွေလည်း ကျွန်တော် လုပ်ကြည့်တယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား အိပ်ပျော်သွားလည်း ခဏပဲ။ အိပ်မက်တွေ အသံတွေ မြင်ကွင်းတွေကြောင့် ကျွန်တော် ခဏခဏ လန့်နိုးတယ်။ ကြည့်လေရာမှာ အနီကွက်တွေပဲ မြင်တယ်။ နားထဲမှာ ငိုသံတွေပဲ ကြားနေတယ်။ နေ့တိုင်း ပုံမှန်လို ကြိုးစားအလုပ်လုပ်ရင်း နေထိုင်နေပေမယ့် ပုံမှန်လည်း မဖြစ်လာတော့ပါဘူး။

မျက်လုံးထဲက အနီကွက်ကို မြင်ရတာ ကြာလာတော့ ရိုးလာတယ်။ အပြင်လောကမှာလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အနီကွက်ကြီးတွေ၊ ကျွန်တော့် ကင်မရာထဲမှာလည်း မလိုချင်ဘဲ ရိုက်ယူထားရတဲ့ မျက်ဖြူလန်နေတဲ့ မျက်နှာ ဓာတ်ပုံတွေ ပိုပိုပြီး များလာတယ်။ 

ကျွန်တော်လည်း ညတွေ ပိုပြီး ဂစ်တာတီးနေရတယ်။ 


ကျွန်မတို့လူသားတွေဟာ စိတ်ထိခိုက်စရာဖြစ်ရပ်တွေဖြစ်တဲ့ မတော်တဆမှု၊ သဘာ၀ဘေးအန္တရယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလို အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကြောက်ရွံ့ခြင်းတွေ သို့မဟုတ် စိတ်ထိခိုက်ခြင်းတွေကို ခံစားရတာက ပုံမှန်ဖြစ်တယ်။ ဒီပုံပြင်ဇာတ်လမ်းမှာ ကျွန်မတို့ဟာ အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ပါ၀င် ကြုံကြိုက်ရတဲ့အခါ အသက်ရှင်ကျန်ရစ်သူမှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ အတူ နေထိုင်ရတာကို သိခဲ့ရတယ်။ မိမိအနေနဲ့ ရွေးချယ်ရှင်သန်ခွင့်မရှိပေမယ့် အဖြစ်အပျက်များရဲ့ အနောက်မှာ ကျန်ရစ်နေခဲ့ရတဲ့အခါ အပြစ်ရှိသလို ခံစားနေရတယ်။ အိပ်စက်ဖို့ ခက်ခဲသလို သို့မဟုတ် အလိုမကျမှုတွေက တစ်ဆင့် ဒေါသ အဖြစ် ဖြစ်လာတဲ့အခါ အခြေအနေအမျိုးမျိုးအတွက် ထိန်းချုပ်ဖို့ ခက်ခဲနေတာမျိုးက အကျိုးဆက်တွေ ဖြစ်လာရတယ်။ တုန်လှုပ်ချောက်ချားစရာ အဖြစ်အပျက်ကို ပြန်မတွေးချင်သော်လည်း သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်နေရတယ်။ သူဟာ အသက်ရှင်ကျန်ရစ်သူဖြစ်နေရခြင်းကြောင့် မိမိကိုယ်ကိုယ် အပြစ်ဆက်တိုက်တင်နေပြီး တဖြည်းဖြည်း အဲ့ဒီ့ခံစားချက်တွေက ရေရှည်စိတ်ထိခိုက်စရာအခြေအနေကို ဦးတည်လာတယ်။ အဖြစ်အပျက်ကို ရင်မဆိုင်ချင်တာ (ရင်မဆိုင်နိုင်တာ) အတွက် ရှောင်ပြေးတာတွေ ဖြစ်လာတယ်။ ကိုယ့်အတွက် ထိခိုက်နေတာတွေကို အဖြေမရှာနိုင်တဲ့အခါ အလိုမကျမှုက ပိုမိုများလာတယ်။ မဖြေရှင်းနိုင်လေ၊ ရှောင်ပြေးလေနဲ့ အဖြေမထွက်သလို၊ ချစ်ရတဲ့ ခင်ရတဲ့သူတွေကိုပါ ထိခိုက်စေလာတယ်။ လူတွေဟာ အရင်ကဆိုရင်၊ အရင်တုန်းကတော့ စသဖြင့် အရင်အချိန်တွေကို ပြန်တမ်းတတတ်တယ်။ ကျွန်မတို့တွေ လက်ခံရမှာက အချိန်ကြာလာတာနဲ့အမျှ၊ တွေ့ကြုံရတာတွေနဲ့အမျှ - တို့တွေရဲ့ ခံစားချက်တွေ၊ ခံနိုင်ရည်စွမ်းအားတွေ၊ တန်ဖိုးထားမှူတွေက ပြောင်းလဲလာတယ်။ စိတ်ဒဏ်ရာတွေလိုမျိုး အတိတ်က အတွေ့အကြုံတွေ၊ မလိုလားအပ်တဲ့ အတွေ့အကြုံတွေ အများကြီးရှိပေမယ့် အချိန်နဲ့အမျှ ပြောင်းလဲနေတာကို ကျွန်မတို့ လက်ခံရမယ်။ အပျက်အစီးကို ပြင်တဲ့အခါ အချိန်ယူရတတ်သလို ကျွန်မတို့ခံစားရတဲ့အရာတွေကိုလည်း လက်ခံတတ်ဖို့လည်း ကျွန်မတို့ အချိန်ယူရမယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်ပြီး၊ အဖြစ်အပျက်တွေကို လက်ခံနိုင်ခြင်းကလည်း ဘ၀ကို ကျန်းမာကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဆက်လက်နေထိုင်သွားဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။