နာကျင်နေကြာ

 
 

သေးသေးလေးဖြစ်သွားရတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော် ခံစားရတာက အဲ့ဒီတစ်ချိန်ပဲ။ တစ်သက်လုံးဘယ်တုန်းကမှ နားမလည်ခဲ့တဲ့ အဲ့ဒီခံစားချက်လေ.. “သေးသေးလေး ဖြစ်သွားသလိုပဲ”။ အရာအားလုံးက ကိုယ့်ထက်ကြီးမားပြီး ကိုယ့်အပေါ်ပြိုကျ ပိတ်လှောင်တော့မလို။ အရာအားလုံးက ကိုယ့်အတွက်ကြောက်လန့်စရာတွေ ဖြစ်ပြီး ကိုယ့်မှာတော့ ပြေးပုန်းစရာ နေရာလည်းရှာမရသလို။ ကိုယ့်ဘာသာ ယုံကြည်ချက်ဆိုတာတွေလည်း မရှိတော့ဘူး။ ကိုယ့်ဘာသာလည်းတန်ဖိုး မထားတတ်တော့ဘူး။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ ပျောက်ကွယ်သွားချင်ပေမယ့် တစ်လောကလုံးကလည်း ကိုယ့်ကို ကြည့်နေပြီး ဝေဖန်ပြစ်တင်နေတာပဲ ဆိုတဲ့ မသင်္ကာစိတ်ကြီးကို ထမ်းပိုးပြီးလေ။ အဲ့ဒါကိုခေါ်တာပေါ့.. “သေးသေးလေးဖြစ်သွားသလိုပဲ”ဆိုတဲ့ ခံစားချက်က။

ကျွန်တော်မဟုတ်တဲ့ တခြားလူတစ်ယောက်နဲ့ သူက အတူအိပ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ “သေးသေးလေး”ဆိုတဲ့ ခံစားချက် ဖြစ်ခဲ့ရတာ။ ကျွန်တော် မယုံနိုင်ဘူး။ စိတ်ထဲကနေ ငြင်းတယ်။ မဟုတ်လောက်ပါဘူး။ တစ်ခါတလေ စိတ်မထိန်းနိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်သွားတာနေမှာပါ။ သူ ငါ့ကို ဘယ်လောက်ချစ်လဲ အသိဆုံးပဲမဟုတ်ဘူးလား။ ဖြေရှင်းခွင့်။ ဟုတ်တယ် ဖြေရှင်းခွင့်ပေးရမယ်။ သူဟာ ခဏတာမှားယွင်းမှုတစ်ခုအတွက် ငိုယိုတောင်းပန်ကောင်း တောင်းပန်လိမ့်မယ်။ ဒီအခါ ကျွန်တော်က ပြီးခဲ့တာတွေ မေ့ပစ်ဖို့နဲ့ စိတ်အဖုအထစ်ဖြစ်စရာ ဒီအကြောင်းတွေကို နောက်ထပ် အနာဂတ်ဆီ မသယ်လာဖို့ ပြောရင်း ခွင့်လွှတ်လို့ရလိမ့်မယ်။ ဒီလို ကျွန်တော်တွေးခဲ့တယ်။

ဒါပေမယ့် မဟုတ်ခဲ့ဘူး။ “ငါနင့်ကို မချစ်တော့တာ ကြာပြီ.. သူနဲ့ဆို ငါပျော်တယ်.. ငါ နင့်ကို ဆက်ပြီးလည်းမချစ်နိုင်တော့ဘူး” လို့ တည်တည်ငြိမ်ငြိမ် အေးအေးစက်စက် သူပြောလာချိန်မှာတော့.. ဘယ်လောက်ငြင်းငြင်း မျက်စိရှေ့မှာ ရောက်လာတဲ့ အမှန်တရားကိုပဲ ကျွန်တော့် စိတ်ကလက်ခံလိုက်ရပြီ။ ကျွန်တော် ပူလောင်ရတယ်။ ငိုတယ်။ နံရံကို လက်သီးနဲ့ ထိုးတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်ရိုက်တယ် ထိုးတယ် ဆံပင်တွေ ဆွဲတယ် အော်တယ် အော်ငိုတယ် အော်ငိုတယ်။

“ဖောက်ပြန်တဲ့လူ”လို့ ကျွန်တော် အော်ဆဲကြည့်သေးတယ်။ ဒါပေမယ့် အဲ့သလို ရင့်သီးရုပ်ဆိုးလွန်းတဲ့ စကားလုံးကို ကျွန်တော်ချစ်ရတဲ့သူအတွက် အမည်နာမအဖြစ် တပ်ဖို့ကိုတောင် ကျွန်တော့်မှာ ပင်ပန်းလွန်းတယ်။ ငါဘာမှားခဲ့တာလဲ ငါဘာတွေ လိုအပ်နေလို့လဲ ငါ့မှာ ဘာအပြစ်တွေရှိနေတာလဲ ငါကမလုံလောက်ဘူးလား ငါသူ့ကို မကြင်နာခဲ့လိုများလား။ ငါ ငါ ငါ.. လို့ ကျွန်တော် တွေးတယ်။ 

လူတွေသိမှာကိုလည်း ကျွန်တော်ရှက်တယ်။ “သိပ်ချစ်ကြောင်းအမြဲ ကြွားနေခဲ့တာလေ.. ခုတော့ ကြည့်ပါဦး ထားခဲ့ခံရတယ်.. ဟိုကနောက်တယောက်နဲ့” လို့.. လူတိုင်းက ကျွန်တော့် နောက်ကွယ်မှာ ပြောနေမှာပဲလို့ ကျွန်တော် ထင်နေတယ်။ ညတွေဟာ အိပ်မက်ဆိုးတွေချည်းပဲ။ လူစကားသံတွေ အရိပ်တွေကို ကျွန်တော်ကြောက်တယ်။ သူငယ်ချင်းကမေးတယ် မင်း ဘာဖြစ်နေတာလဲတဲ့။ ကျွန်တော့် သူ့ကိုလည်း မပြောပြချင်ဘူး။ ကျွန်တော့် ဘဝတစ်ခုလုံး ပုံအောချစ်ခဲ့ရသူကတောင် ကျွန်တော့်ကို နာအောင်လုပ်တယ်မဟုတ်လား။ ကျွန်တော့်နောက်ကွယ်မှာ တခြားသူနဲ့ ပျော်ပါးချစ်ခင်တယ် မဟုတ်လား။ ကျွန်တော့်ကို ဘာမှမဖြစ်သလို ဟန်ဆောင်လိမ်ညာခဲ့တယ်မဟုတ်လား။ တခြား ဘယ်သူကရော ကျွန်တော့်အပေါ် တကယ် စိတ်ရင်းနဲ့ ရှိပါ့ဦးမလဲလို့ ကျွန်တော်ဟာ အဲ့သလို မယုံကြည်စိတ်တွေ ဖြစ်လာတယ်။ ဆူးတွေပေါ့ ဆူးတွေ ဆူးတွေ.. တစ်ချောင်းပြီး တစ်ချောင်း ကျွန်တော့် ကိုယ်ပေါ်မှာ။ 

ကျွန်တော့် အရည်အချင်းတွေ၊ ရုပ်ရည်ပုံစံ၊ ကျွန်တော့် တောက်ပမှုတွေ အားလုံးက မှေးမှိန်သွားခဲ့တယ်။ ဒါတွေ မပြည့်စုံနေလို့သာ ကျွန်တော့်ကို သူဒီလို လုပ်တာလို့ ထင်ခဲ့တာကိုး။ ကျွန်တော်ဟာ အချစ်ခံရတယ်ဆိုတဲ့ စိတ်ချယုံကြည်မှုလည်း မရှိနေတော့ဘူး။ ကျွန်တော့်ကို မချစ်တော့တာ ကြာပြီလို့ပြောပေမယ့် ချစ်ခဲ့တာရော ဟုတ်ရဲ့လားလို့ ကျွန်တော် တွေးမိနေခဲ့တယ်။ ချစ်ခဲ့တဲ့လူတစ်ယောက်ကို အခြားလူတစ်ယောက်က ဒီလို မလုပ်ရက်လောက်ပါဘူးလို့ ကျွန်တော် ထင်နေခဲ့တယ်။ ကျွန်တော့် ပတ်ဝန်းကျင်က အရာအားလုံးဟာ ရုပ်ဆိုးအကျည်းတန်လာတယ်။ ကျွန်တော် မပျော်တော့ဘူး။ သစ္စာဖောက်ခံရတဲ့ ခံစားချက်ဟာ သိပ်ဆိုးတယ်။ ဒါကို ခင်ဗျားတို့ လက်ခံရလိမ့်မယ်။

ဒီလိုအခြေအနေကနေ လွတ်မြောက်ဖို့က ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ ကြိုးစားရမယ်လို့ ပြောကြတယ်။ ကျွန်တော် အခုကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ချစ်တတ်ချင်သားပဲ။ ယုံကြည်တတ်ချင်သားပဲ။ စိတ်ချချင်သားပဲ။ ပျော်အောင် လှအောင် ကျန်းမာအောင် ထားချင်သားပဲ။

ကိုယ့်ကိုကိုယ်လေ။ 


သေကွဲဖြစ်စေ ရှင်ကွဲဖြစ်စေ ခွဲခွါရခြင်းကိုရင်ဆိုင်ရတဲ့အခါ လူတိုင်းဟာ ဝမ်းနည်းပူဆွေးကြရပါတယ်။ ပူဆွေးမှုတွေကို ရင်ဆိုင်ဖြတ်သန်းတဲ့အခါမှာ အဆင့် ၅ ဆင့် ယေဘုယျသတ်မှတ်ကြပါတယ်။ ငြင်းဆန်တာ၊ ဒေါသဖြစ်တာ၊ အတိုးအလျှော့လုပ်တာ၊ စိတ်ဓာတ်ကျတာ၊ လက်ခံလိုက်တာ စသဖြင့်ပါ။ ဒီလိုမဟုတ်ပါဘူး ဒါမဖြစ်နိုင်ဘူးလို့ ငြင်းဆန်တာ၊ ငါ့ကိုလုပ်ရက်တယ် ဘာကြောင့်လဲ စသဖြင့် ဒေါသစိတ်၊ ဒီလိုတော့မဟုတ်ပါဘူး ဒါကြောင့်ဖြစ်မှာပါ ငါ့ကိုချစ်တုန်းပဲနေမှာပါ စသဖြင့် အတိုးအလျှော့လုပ်ပြီးတွေးတာ၊ ငါ့ကိုဘယ်သူမှမချစ်ဘူး ငါဟာအချစ်ခံရဖို့မထိုက်တန်ဘူး စသဖြင့် စိတ်ဓာတ်ကျတာနဲ့.. နောက်ဆုံးအဆင့် ငါ့ကို သူသစ္စာဖောက်တာဟာ သူ့ကိစ္စပဲ.. ငါက အချစ်မခံသင့်တာမဟုတ်ဘူး ငါ့အပြစ်မဟုတ်ဘူး စသဖြင့် အမှန်တရားကို အရှိအတိုင်း လက်ခံလိုက်တာ စတဲ့ အဆင့် ၅ ဆင့်ဖြစ်ပါတယ်။  ဒီလိုအဆင့် ၅ ဆင့်ဆိုပေမယ့် နောက်ဆုံး လက်ခံလိုက်တဲ့အဆင့်မရောက်မချင်း အရှေ့ ၄ ဆင့်ကို တခုစီအစဉ်လိုက်မဟုတ်ဘဲ ပတ်ချာလည် ဖြစ်နေတတ်ပါသေးတယ်။ အခု ဇာတ်လမ်းလေးထဲကလို ငြင်းဆန်စိတ်ကအရင်လာပြီးမှ ဒေါသဖြစ်တာလည်း ဖြစ်နိုင်သလို၊ အချို့အတွက်ကတော့ ဒေါသစိတ်ကအရင်ဖြစ်ပြီးမှ ကျန်တာတွေလည်း လာနိုင်တာမျိုးရှိတတ်ပါတယ်။ ဘယ်ခံစားချက်အရင်ဖြစ်မှ အမှန်ဆိုတာမျိုး မရှိသလို အဆင့် အကုန်လုံး ဖြစ်မယ်လို့လည်း တရားသေ သတ်မှတ်ချက်တော့မရှိပါဘူး။ ဒါပေမယ့် လက်ခံတဲ့အဆင့်ကို ရောက်ရှိပြီးမှသာ ဒီပူဆွေးခြင်းကို ကျော်လွန်ပြီးမြောက်နိုင်တာ ဖြစ်ပါတယ်။ အခု ဇာတ်လမ်းထဲကလိုပဲ.. သူဟာ လက်ခံလိုက်ပြီးနောက်မှာ ပူဆွေးခြင်းကို ကျော်လွန်ပြီးနောက် ကိုယ့်ကိုကိုယ် ချစ်တတ်အောင်သင်ယူကြိုးစားနေတဲ့ ကုစားခြင်း လမ်းမှန်ပေါ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။