ဒါတကယ်အရေးကြီးတယ်

ကျွန်မနေတဲ့ မြို့သေးသေးလေးမှာ စနေစျေးနေ့ဆိုပြီး မနက်ခင်းစျေးလေး တစ်ခု ရှိတယ်။ အဲ့ဒီနေ့က သူငယ်ချင်းတစ်ယောက်နဲ့ ချိုင်းတီးလို့ ခေါ်တဲ့ လက်ဖက်ရည်လေးရယ်၊ ပရက်ဇယ်လို့ ခေါ်တဲ့ ဂျာမန့်ပေါင်မုန့်လေး စားနေခဲ့တာ။ အသက် ၄၅ နှစ်လောက်ရှိတဲ့ ဒတ်ချ်လူမျိုး ယောကျာ်းကြီးတစ်ယောက် ကျွန်မတို့ နှစ်ယောက်ထိုင်နေတဲ့ ခုံမှာ နှုတ်ဆက်ရင်း ၀င်ထိုင်တယ်။ မြို့လေးက သေးတော့ မြင်ဖူးနေပေမယ့် စကားတော့ တစ်ခါမှ မပြောဖူးခဲ့သေးဘူး။ နာမည်လေးဘာလေး မိတ်ဆက် စကားပြောရင်းပဲ ကျွန်မရဲ့ အလုပ်တစ်ခုနဲ့ zoom တစ်ခု ခေါ်စရာ အချိန် ရောက်လာတော့ နဂိုထဲက အဲ့မှာပဲ လက်ဖက်ရည်သောက်ရင်း အလုပ်လုပ်ဖို့ စီစဥ်ထားတာမို့ ငါ အလုပ်မီတင်တက်လိုက်ဦးမယ်၊ နင်တို့ စကားပြောနှင့်ကြဦးလို့ ပြောတော့၊ သူငယ်ချင်းနဲ့ အဲ့ဒီ ဒတ်ချ်လူကြီးက အိုကေတဲ့ လုပ်ပါတဲ့။ ကဲ … အလုပ်လုပ်မယ်ဟေ့ ဆိုပြီး ကွန်ပြူတာကို အိတ်ထဲကနေ ထုတ်၊ နားကြပ်လေး တစ်ဖက်ကို နားထဲ ထည့်တုန်းပဲ ရှိသေး၊ ဟိုလူကြီးကနေ ငါ့မှာလည်း အရင်က နင့်လို ကွန်ပြူတာရှိခဲ့တယ်တဲ့။ မော်ရကိုမှာ ပျောက်သွားခဲ့တာတဲ့။ ဒါနဲ့ ကျွန်မကလည်း ဟယ် ဘယ်လို ဖြစ်တာတုန်းပေါ့? မေးတုန်း ပြောတုန်းရှိသေး၊ ဟိုဆရာသမားက ချက်ချင်းကြီးထပြီး ကျွန်မရဲ့ ကွန်ပြူတာကြီးကို ဆွဲယူရော။ ကျွန်မကလည်း  ကွန်ပြူတာကြီးကို ပြန်လုဆွဲရင်းကနေ “ဟဲ့ … နင် ဘာလုပ်တာတုန်း” ပေါ့။ သူကနေ “နင့်ကို ပြစရာ ရှိတယ်” တဲ့ ဆိုပြီး၊ စွပ်စွက်နဲ့ safari ကို နှိပ်ပြီး tab တွေ အသစ်တွေ ဖွင့်နေရော။ ကျွန်မရဲ့ zoom call ကြီးကလည်း ၀င်နေခဲ့ပြီ အဲ့ဒီအချိန်မှာ။ ဒါနဲ့ “အမလေး! ကိုယ့်လူရေ၊ နင် ငါ့ကွန်ပြူတာကို ထိနေတာကနေ ရပ်လိုက်စမ်း” ဆိုပြီး အော်ရတယ်။ သူကပြန် ပြောလာတယ်၊ “နင်က အကဲပိုတယ်” တဲ့။ ကျွန်မက အတော်ကိုမှ စိတ်လည်း ဆိုးသွားပြီး၊ ပြန်ပြောတာပေါ့။ “နင့် အခု စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ငါက အတင်းကာရော ခွင့်ပြုချက် မရှိဘဲ ဘယ်တော့မှ ဆွဲယူမှာ မဟုတ်ဘူး၊ နင့် ခုံကျောမှီပေါ် လွှားထားတဲ့ အနွေးထည်လည်း အဲ့အတိုင်းပဲ။ နင့်ကို ခွင့်မတောင်းဘဲ၊ နင်က ခွင့်မပြုဘဲ ငါက ဘယ်တော့မှ ကိုင်မှာ မဟုတ်ဘူး။ နင်ကရော ဘာလို့ ငါ့ ကွန်ပြူတာ လာဆွဲလုနေတာလဲ?” ပေါ့။ ဆရာသမားက ပြန်ပြောလာတယ်၊ “ကလေးတစ်ယောက်လို နင်ဘာလို့ ငိုယိုနေတာလဲ? ဘာမဟုတ်တဲ့ အရာသေးသေးလေးကိုများ” တဲ့။ ကျွန်မရဲ့ ဒေါသတွေက အတော့်ကိုမှ ထွက်လာခဲ့ပြီ။ ဒါနဲ့ “နင့်ကို ငါ နားမလည်နိုင်ဘူး၊ ငါတို့ ဒါကို ဆက်မပြောသင့်တော့ဘူး”၊ ဆိုတော့ သူကနေ “အင်း … ကောင်းတယ်၊ နင်နဲ့ ငါနဲ့ရဲ့ ရေရှည်မှာ သူငယ်ချင်းဖြစ်လာနိုင်မှာလည်း မဟုတ်တော့ဘူး” တဲ့။ ကျွန်မက “ဟုတ်တယ် … ကောင်းတယ်။ ငါလည်း နင့်လို လူနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူး” လို့။ ဒါနဲ့ အဲ့လူက ပါးစပ်ကနေ ပွစိပွစိတွေ ပြောပြီး ကျွန်မတို့ စားပွဲကနေ ထသွားတယ်။

အဲ့ကျမှ စားပွဲထောင့်မှာ ထိုင်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်းကို​ “ဟဲ့ … စောတုန်းက စောက်ကျိူးနည်း ဘာဖြစ်သွားခဲ့တာလဲ?” လို့ မေးရတယ်။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ရှိတဲ့အတိုင်း “စောစောက အဖြစ်အပျက်က လုံး၀ကို မဖြစ်သင့်ဘူး။ ဒါပေမယ့် ဖြစ်ခဲ့ပြီးပြီ။ ဒီလိုအဖြစ်အပျက် ဖြစ်တာက ငါက အသက်ငယ်လို့လား? မိန်းမဖြစ်နေလို့လား? အာရှလူမျိုး ဖြစ်နေလို့လား? “ သူ့ကို မေးခဲ့တယ်။ သူကနေ “အဲဲဒီလူ လုပ်ရပ်နဲ့ နင်နဲ့ ဘာမှ မဆိုင်ပါဘူး” တဲ့။ ဟုတ်တယ်! ကျွန်မဘာသာ အသက်ပဲ ငယ်ငယ်၊  ပိပိပါတဲ့ မိန်းမပဲ ဖြစ်ဖြစ်၊ အာရှက လူပဲ ဖြစ်ဖြစ် အဲ့ဒီလုပ်ရပ်တဲ့ မမှန်ကန်တဲ့ လုပ်ရပ်ကသာ အဓိက ဟုတ်တယ်။ ပြဿနာလည်း ဟုတ်တယ်။ သူကနေ လူ့အခြေခံစည်းမျည်းတောင် နားမလည်တဲ့ အပြင်၊ လေးစားမှူလည်း မရှိ၊ ခွင့်လည်း မပြုပါဘဲ သူများရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို လာထိတယ်၊ ကိုင်တယ်၊ အသုံးပြုဖို့ ကြိုးစားခဲ့တယ်ပေါ့။ ဒါဟာ အဲ့ဒီလူရဲ့ အသုံးမကျခြင်း သပ်သပ်ပဲ။ သူ အသုံးမကျတာကလည်း သူများ လာထိခိုက်နေသေးတယ်။


ဒါနဲ့ပဲ ကျွန်မက စိတ်တွေ အရမ်းဆိုးပြီး အခုလို စာတွေ ချရေးရပြီ။ အခုလို ချရေးဖို့လည်း လိုတယ်လို့ ကျွန်မယုံကြည််တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့အနေနဲ့ ဒီလို လူမျိုးရေး၊ ဘာသာရေး၊ လိင်စိတ်ခံယူမှု အရ ခွဲခြားခံရတာတွေ၊ အနိုင်ကျင့်တာတွေကို အသံအကျယ်ကြီးနဲ့ အလေးအနက် ပြောမှပဲ ကျွန်မတို့ အခု နေနေကြတဲ့ ကမ္ဘာကြီးက လူတိုင်းလူတိုင်းအတွက် သာတူ ညီမျှတဲ့ ပတ်၀န်းကျင်အဖြစ်နဲ့ လူသားအားလုံး အတူ ရှင်သန်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ပဲ။ မတရားမှုတွေကို လက်သင့်ခံနေတယ်ဆိုရင် ကျွန်မတို့ နေထိုင်နေကြတဲ့ လူ့အသိုင်းအ၀ိုင်း ပတ်၀န်းကျင်မှာ ရှိနေတဲ့ လူတစ်ချို့တွေက အဆိပ်အတောက်တွေ အဖြစ် လူ့အဖွဲ့အစည်းကို ပိုပြီးမှ ထိခိုက်နေစေမှာ ဖြစ်တာကြောင့်ပဲ။ ဆိုတဲ့အတွက် ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းဆီကနေ အကောင်းဆုံးနေထိုင်နိုင်ခြင်းနဲ့ ပတ်၀န်းကျင်ကောင်း တည်ဆောက်ဖို့ လိုကို လိုအပ်ပါတယ်။