ပုံပြင်ဟောင်းလေးပါပဲ

ကျွန်မငယ်စဉ်ကတည်းက body shaming လုပ်ခြင်းခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက body shaming ဆိုတဲ့စကားလုံးက အခုလို မတွင်ကျယ်သေးပါဘူး။ အဲ့အချိန်ကလူတွေကလည်း တစ်စုံတစ်ယောက်ကို body shaming မလုပ်သင့်ဘူးလို့ မသိခဲ့ကြသေးတာလည်း ပါမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ငယ်ဘဝကတော့ လူတွေရဲ့လက်လွတ်စပယ်ပြောခဲ့တဲ့ စကားလုံးတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ကျွန်မရဲ့ဆယ်ကျော်သက်အရွယ်နဲ့ လွန်ခဲ့တဲ့ နှစ်အစောပိုင်းတွေအထိကို ကိုယ့်ရုပ်ရည်သွင်ပြင်ကို ရှက်ရွံ့နေရင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါတယ်။ 

ကျွန်မက အရိုးတုတ်တုတ်၊ မျက်နှာဝိုင်းဝိုင်းနဲ့ အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကောက်ပြီးအသားလည်း ညိုပါတယ်။ ဆိုတော့ ကျွန်မက ကျွန်မရဲ့ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေနဲ့ လူကြီးတွေ သတ်မှတ်တဲ့အတိုင်းပဲ မိန်းကလေးဆန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့သလို အခုလည်း မဟုတ်ပါဘူး။ ကျွန်မဟာ မိန်းကလေးတယောက်ဟာ လူကောင်သေးမှ၊ ပိန်မှ၊ အသားဖြူမှ လှတယ်လို့ ထင်တဲ့ လူ့အသိုင်းဝိုင်းမှာ ဒီလိုပုံစံနဲ့ မွေးဖွားလာခဲ့ပါတယ်။

ကျွန်မငယ်ငယ်ကတည်းက သူတို့က ကျွန်မကို တွေ့လိုက်တာနဲ့ “ဝလိုက်တာနော” ဆိုတဲ့ စကားကိုပဲ အမြဲတမ်းလိုလို ပြောခဲ့ကြပါတယ်။ မြန်မာတွေရဲ့မီးထွန်းပွဲတော် (သီတင်းကျွတ်) ရက်တွေကတော့ ကြောက်ဖို့ အကောင်းဆုံး အချိန်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့အချိန်တုန်းက မြန်မာ့ဓလေ့အရ အငယ်တွေက လူကြီးသူမတွေအိမ်ကို သွားကန်တော့ရတဲ့ အစဉ်အလာ ရှိခဲ့လို့ပါ။ ပြီးတော့ သူတို့အိမ်ထဲဝင်တာနဲ့ တစ်ယောက်မကျန်  ကျွန်မကို “ဝလာတယ်နော်” လို့ ပြောမှာကို ကျွန်မသိနေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီဝေဖန်ချက်တွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ကျွန်မလူကောင်ကြီးမှန်း ကျွန်မသိပြီး ဝပြီး လူကောင်ကြီးတာဟာ ကွဲပြားနေမှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့လည်း ကျွန်မက စကားပြောနည်းသူမို့ ပြန်မပြောနိုင်ခဲ့ပါဘူး။အဲ့ဒီဆိုးသွမ်းတဲ့ စကားတွေကိုပဲနားထောင်ပြီး ကိုယ့်ကိုယ်ရှက်ရွံ့နေခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ အခန်းထဲက ကောင်လေးတစ်ယောက်ကို သဘောကျမိပြီး အဲ့ဒါကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ တစ်ချိန်တုန်းက ကျွန်မသူ့ဘေးနားက လမ်းလျှောက်သွားတဲ့အချိန် သူ့သူငယ်ချင်းတွေက ကျွန်မနဲ့ စကြတဲ့အခါ သူက ”မလုပ်ပါနဲ့ … ဒီရုပ်ဆိုးမနဲ့တော့ မစပါနဲ့” လို့ ပြောတာကို ကျွန်မရုတ်တရက်ကြားလိုက်ရပါတယ်။ အဲ့အချိန်တည်းက ကျွန်မမှန်တွေဆိုမ ကြည့်ရဲတော့တာပါပဲ။ ကျွန်မရဲ့ပုံရိပ်ကိုတောင် ကျွန်မမုန်းတီးခဲ့ပါတယ် ။ကျွန်မကိုယ် ကျွန်မ အခန်းရဲ့ထောင့်လေးမှာနေပြီးလူမသိအောင်နေခဲ့ပါတယ်။ ဘွဲ့ရပြီး ပြန်လည်တွေ့ဆုံပွဲတွေကိုလည်း မတက်ဘဲ ရှောင်ခဲ့ပါတယ်။

ကျွန်မအသက်၂၀မရောက်ခင်အထိ ဝိတ်ချတာနဲ့ အသားဖြူတဲ့ဆေးတွေ သုံးတာဟာ ဘဝကြီးလိုဖြစ်ခဲ့ပါတယ်။ “ဝတယ်၊ ရုပ်ဆိုးတယ်” လို့ ထပ်ပြောခံရမှာကို ကြောက်တဲ့စိတ်နဲ့ အသက်ရှင်ခဲ့ရပါတယ်။ ကျွန်မရဲ့ဖြစ်တည်မှုကို လက်မခံပေးနိုင်တဲ့ လူနေမှုပတ်ဝန်းကျင်ထဲ ဝင်ဆံ့ဖို့ ကိုယ့်ကိုယ် တွန်းအားပေးခဲ့ပါတယ်။ ကျွန်မဆက်မကြိုးစားတော့ရင် လူတွေကကျွန်မကိုဘယ်လိုထင်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အသက်ရှင်ခဲ့ပါတယ်။

ကျွန်မရဲ့ဖြစ်တည်မှုကို လက်ခံမြတ်နိုးပြီး အတိတ်ကို အတိတ်မှာ မထားခဲ့နိုင်ခင်အထိ ဘဝကြီးက ခက်ခဲခဲ့ပါတယ်။

ကိုယ့်ကိုယ် ချစ်တတ်ဖို့သင်ယူနိုင်ခဲ့တယ်။ အရည်အချင်းက ပတ်၀န်းကျင်က သတ်မှတ်တဲ့ အလှအပထက်ပို အရေးကြီးတယ်ဆိုတာကို သင်ယူနိုင်ခဲ့ပါတယ်။ လူတွေ အထူးသဖြင့် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေကတော့ ခုထိ “ဝလိုက်တာနော်” ဆိုတဲ့စကားလုံးတွေနဲ့ နှုတ်ဆက်နေတုန်းပါပဲ။ ဒါပေမဲ့ကျွန်မက အရင်လို ပျော့ညံ့တဲ့ကောင်မလေး မဟုတ်တော့ပါဘူး။ အဲ့ဒီစကားလုံးတွေကို ခေါင်းထဲမထည့်တော့ပါဘူး။ သူတို့အဲ့လိုပြောလာတဲ့အချိန် “ဟုတ်တာပေါ့” လို့ ပြောရင်း ပြုံးပြပြီး လှည့်ထွက်လာလိုက်ပါတယ်။ ကျွန်မကို သူတို့က အဲဲဲဒီစကားတွေနဲ့ စော်ကားလိုက်တိုင်း ကျွန်မ နာကျင်ခံစားရတဲ့အခါ သူတို့တွေ ရနေတဲ့ ကျေနပ်မှုကို သူတို့ကို မပေးတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်မက ကိုယ့်ကိုယ်ကို ချစ်တယ်၊ ပြီးတော့လည်း သူမျာဆီကလည်း အချစ်ခံရတယ်။ ကျွန်မပျော်ရွှင်နေတယ်။ ကျွန်မက သူတို့ ၀ေဖန် အပြစ်တင်နေတာထက် ပိုပြီးတော့မှ အရာရာနဲ့ ထိုက်တန်တယ်ဆိုတာ သိလာခဲ့ပြီလေ။ တဖြည်းဖြည်းနဲ့ ဒီအထိတောင် ခရီးတွင်ခဲ့ပြီပဲ။ တခြားသူတွေရဲ့တံတွေးခွက်ထဲ မျောနေရတဲ့ ပျော့ညံ့တဲ့မိန်းကလေးအဖြစ်ကို ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ပါဘူး။

အခုတော့ ကျွန်မက ကိုယ့် အလင်းရောင်နဲ့ကိုယ် ပျော်ရွှင် တောက်ပနေပါပြီ။


ကျမတို့ ပတ်ဝန်းကျင်မှာဆိုရင် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှု၊ ရုပ်ရည်သွင်ပြင်၊ ဆံပင်ပုံစံတွေကို မူတည်ပြီး ဘယ်ပုံစံမျိုးကမှ လှတယ်/ လူကြိုက်များတယ်/ ဘယ်လိုပုံစံမျိုးကတော့ မလှဘူး စသဖြင့် သတ်မှတ်ထားလေ့ ရှိပါတယ်။ လူတွေကလည်း ပတ်ဝန်းကျင်အကြိုက် ဖြစ်အောင် ပတ်ဝန်းကျင်က လက်ခံထားတဲ့ ပုံစံတွေကို မဖြစ်ဖြစ်အောင် လိုက်လုပ်လေ့ရှိပါတယ်။ ဒီလိုမျိုး လိုက်မလုပ်နိုင်တဲ့သူတွေဆိုရင်လည်း အားငယ်တာတွေ၊ အလိုမကျတာတွေ၊ ကိုယ့်ကိုယ်ကို မလှဘူး ထင်ပြီး စိတ်မလုံခြုံတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်အကြိုက်ကြောင့် ကိုယ်လုပ်တာဆိုရင် ကိစ္စမရှိပေမယ့်၊ ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်က ဖိအားတွေ၊ စံချိန်စံညွှန်းတွေနဲ့ မတူတူအောင် ကိုယ့်ကိုကိုယ် အတင်းပြုပြင် ပြောင်းလဲပြီးနေရရင်တော့ ဒါဟာ ပြဿနာရှိပါတယ်။ အမြဲတမ်း ပြောင်းလဲနေတဲ့ အလှအပဆိုင်ရာ စံညွှန်းတွေအတိုင်း ကိုယ့်ကိုကိုယ် လိုက်ပြောင်းလဲနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်ချင်းစီက တမူထူးခြားတဲ့ ပုံစံတွေနဲ့ မတူညီတဲ့ အလှတွေ ကိုယ်စီရှိတာကို လက်ခံရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်ပြီး လှောင်ရယ် အပြစ်ပြောဆိုတယ်ဆိုတာ အနိုင်ကျင့်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ လူတစ်ယောက်ကို တွေ့တာနဲ့ “ဝလာတယ်နော်၊ ပိန်သွားလိုက်တာ၊ အရပ်က အရှည်ကြီးဘဲနော်၊ အသားညိုသွားတယ်နော်၊ … ” စသဖြင့် ပြောဆို နှုတ်ဆက်နေခြင်းဟာ ဘယ်သူ့ အတွက်မှ အကျိုးမရှိစေပါဘူး။ အဲ့ဒီအပြင် စိတ်အနှောက်အယှက်ဖြစ်ရတာပဲ ထိခိုက်လာစေနိင်တာပါ။ ဒီဇာတ်လမ်းထဲမှာလို ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အမျိုးတွေ၊ သူငယ်ချင်းတွေက အမြဲပြောတာခံရတာကြောင့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို မကျေနပ်တာ၊ မိမိကိုယ်ကို မုန်းတာ၊ လူတွေကို ရှောင်ကြဉ်လာတာမျိုးတွေ ကိုယ့်အနေနဲ့ “လူတိုင်းလည်း ပြောဆိုနေတာပဲ၊ ငါကပဲ ထူးပြီး ပြောနေတာမှ မဟုတ်တာ” ဆိုတဲ့ အတွေးအပြင်၊ မကျန်းမာတဲ့ လူမှု ဆက်ဆံရေးတွေရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တခြားသူ ဘယ်လို ထိခိုက်နိုင်မလဲဆိုတာကို အမြဲစဉ်းစားဖို့ လိုပါတယ်။ ကျမတို့အနေနဲ့ မိမိတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ပြီး၊ မိမိကိုယ်ကို ချစ်တတ်ဖို့ လိုပါတယ်။ ထိုမှသာ ကိုယ်နဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှာကိုလည်း ခံစားနိုင်လာနိုင်မှာပါ။ ကိုယ့်ကို ဝေဖန်အပြစ်ပြောချင်တဲ့ လူတွေကတော့ ရှိနေဦးမှာပါဘဲ။ သူတို့ရဲ့ ကဲ့ရဲ့ပြောဆိုတာတွေကို ကိုယ့် အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အခါ၊ စွန့်လွှတ်လိုက်ပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ပိုပြီး နားလည်လက်ခံလာပြီး ချစ်တတ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးလမ်းကတော့ ကြမ်းပေမယ့်လည်း၊ အကောင်းဆုံး ကြိုးစားပြီးမှ ကို့ယ်ကိုယ်ကို ယုံကြည်မှု တိုးပွားလာပြီး အမြဲတမ်း လှပ ပျော်ရွှင်လာနိုင်မှာ ယုံကြည်ပါတယ်။