လစာ

(၁)

လစဥ်လတိုင်း  Excel File လေးကို ဂဏန်းတွေ ပြန်ပြောင်းမယ်။ Finance Department မှ ကောင်မလေးတစ်ယောက်က လက်မှတ်ပြန်ထိုးပေးရမယ်။ ဒါက ကိုမောင်မောင်ရဲ့  လစဥ်ကိစ္စတစ်ခုဘဲ ဖြစ်တယ်။ ငွေစာရင်းဌာနက မိန်းကလေးဝန်ထမ်းလေးများရဲ့  လုပ်ရိုးလုပ်စဥ်လည်း ဖြစ်ပါတယ်။

ကိုမောင်မောင်က အိမ်ထောင်သက် ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်။ အမျိုးသမီးရဲ့ မိသားစုနဲ့  အတူနေပါတယ်။ လိုင်းခန်းမှာ အတူတူနေကြတာမို့ ကျဥ်းကျဥ်းကျပ်ကျပ်တော့ ရှိပုံပါပဲ။  သို့သော် အခုစာမှာ ပြောလိုတာက အဲ့ဒီအကြောင်း မဟုတ်။  လကုန်ခါနီးတိုင်း လာပြင်တဲ့ Pay Slip တွေအကြောင်း။

(၂)

ကိုမောင်မောင်က သူ့ရဲ့လစာကို အကုန်အိမ်အပ်ရသူ တစ်ယောက်။ အတိအကျပြောရရင်  အမျိုးသမီးကို အကုန်အပ်ရသူ။  အမျိုးသမီးက တစ်ရက်ကို ကွမ်းဖိုးနဲ့ ကော်ဖီမစ်ဖိုး   ၅၀၀ ကျပ် ပြန်ပေးတယ်။  ဖယ်ရီစီးရသူဖြစ်လို့ ကားခပေးစရာမလို။ သို့သော်အမျိုးသမီး မသိသေးတဲ့ ဝင်ငွေအချို့လည်း ကိုမောင်မောင်မှာ ရှိနေပါတယ်။

အဲ့တာကတော့ Pay Slip ပြင်ခြင်းဖြစ်ပါတယ်။

အသောက်အစားကင်းပြီးရိုးသားတဲ့ ကိုမောင်မောင်ကို  ရုံးမှာ လူတိုင်းချစ်ကြပါတယ်။ အဲ့ဒီနောက် ရသမျှလစာ အကုန်ပြန်အပ်ရတာကို သိသွားတဲ့နောက် ကိုမောင်မောင်အတွက်  Bonus ရတဲ့အခါ  Slip မပြပဲ ကိုယ့်ဟာကိုယ်သုံးဖို့ ဝိုင်းတိုက်တွန်းကြတယ်။ အဲ့တာကနေ တဆင့်ခြင်းတက်လာပြီး လစာတိုးတဲ့အခါ  Slip အသစ်မပြတော့တာအထိ ဖြစ်လာတယ်။  ဝိုင်းပြီးပြင်ပေးကြတယ်။

သို့သော် အဲ့လိုဝိုင်းပြင်ပေးဖို့အထိ ဖြစ်လာတဲ့ ကိစ္စကလည်းရှိနေပါသေးတယ်။

(၃)

ကိုမောင်မောင့် ဇနီး မစိမ်းက ရုံးကညီမလေးတွေဆီကို  ၂ လ တကြိမ်လောက် စားဖို့တစ်ခုခု ပို့ပေးတတ်တယ်။ ဆက်ဆံရေးကောင်း တည်ဆောက်ထားတဲ့ သဘောမျိုးပေါ့။ သို့သော် သူ့ယောက်ျားခြေလှမ်းကို စောင့်ကြည့်တဲ့သဘောလည်း ပါတယ်။ ဖုန်းလည်း ပုံမှန်ပြောတယ်။

ကိုမောင်မောင်က မန်ချက်စတာယူနိုက်တက်အသင်း အရမ်းကြိုက်တဲ့သူ။ ပြီးတော့ အရင်တုန်းက တိုက်စစ်မှုး ဘာဘာတော့ဗ်ကို သဘောကျသူ။ ခြင်းလုံးလည်း ကစားတော့ ဘာဘာတော့ဗ်လို ဘောလုံးအထိန်းအသိမ်းတွေကို တုပကစားတတ်တယ်။ အဲ့ဒီတော့ လူငယ်လေးတွေက ကိုမောင်မောင်ကို တရက်မှာ ဘောလုံးခေါ်ကန်ကြတယ်။ ကိုမောင်မောင်တစ်ယောက် အိမ်အပြန် ဖယ်ရီလွတ်တော့တာပေါ့။ အဲ့ဒီနေ့တုန်းက ကိုမောင်မောင်တစ်ယောက်  အိမ်မှာ အရိုက်ခံရတယ်။

အမှုက ၂ ခု။  ပထမတစ်ခုက  ဘောလုံးကန်လို့ ။ ဒုတိယတစ်ခုက  ဖယ်ရီလွတ်သွားတာကြောင့် အိမ်အပြန် ဆိုင်ကယ် ကယ်ရီစီးရင်း  ၈၀၀ ထပ်ပေးလိုက်ရလို့။

ကိုမောင်မောင်နောက်ပိုင်း ဘောလုံးမကန်တော့ဘူး။ ဒါပေမယ့်  မန်ယူပွဲနေ့ဆိုရင်တော့  ရုံးက အရောင်းသမားလေးတွေဆီက ဂျာနယ်ငှားဖတ်တယ်။  Facebook က မန်ယူ Group တွေထဲမှာ စာတွေ ဝင်ဝင်ဖတ်တယ်။

ပွဲကောင်းကောင်းရှိတဲ့နေ့ဆိုရင် Facebook ကနေဘောလုံးပွဲကြည့်ဖို့ရုံးကကောင်လေးတွေက ဖုန်းဘေ  ၃၀၀၀ လောက် ထည့်ပေးရတာမျိုးရှိတယ်။

အဲ့တာတွေဖြစ်ပြီးနောက် ရုံးကလူတွေက  Bonus ကို ကိုယ်တိုင်သုံးဖို့တိုက်တွန်းပေးကြတယ်။ နောက်တော့ ကိုမောင်မောင်  Pay Slip ပြင်ခြင်းနည်းစနစ်ကိုပါ အကျွမ်းတဝင် ရှိလာတော့တာပဲ။

(၄)

ကိုမောင်မောင်က အဆူခံရပေမယ့်  သူ့မိန်းမက ချီးကျူးရှာပါတယ်။ သူပြောသမျှခံကြောင်း ၊ ရိုက်ရင်လဲ​ည်း ငြိမ်ခံကြောင်း ၊ ငွေအကုန်ပြန်အပ်ကြောင်း  လိုင်းခန်းတွေထဲမှာ ပတ်ပြောတယ်လို့သိရတယ်။  ရုံးကကောင်မလေးတွေနဲ့ ဖုန်းဆက်ရင်လည်း ထည့်ထည့်ပြောတတ်တယ်။  ရုံးကညီမလေးတွေကလည်း မစိမ်းနဲ့ အဆင်ပြေအောင်လည်း နေ ၊ ကိုမောင်မောင်ကိုလည်း  Pay Slip လုပ်ပေးနေတုန်းပါပဲ။

(၅)

ကျွန်တော်နောက်ဆုံး ကိုမောင်မောင်နဲ့ ဆုံဖြစ်တုန်းက  သူတော်တော်ပျော်နေတယ်။  မန်ယူကစားသမားဟောင်း ရိုနယ်ဒိုတစ်ယောက် အသင်းဆီပြန်လာတဲ့အတွက်ပါ။  ပြီးတော့  မန်ယူအသင်းရဲ့ အနီရောင် ဂျာစီအသစ် (တရုတ်ထုတ် ၆၀၀၀ တန်) လေးနဲ့လဲ လှလှပပ ရှိနေတယ်။

သူ့မိန်းမသိထားတာကတော့ ရုံးမှာ မဲပေါက်တယ်လို့ ပဲဖြစ်ပါတယ်။   အခုရော  …  ထင်သလောက် မဖြစ်ခဲ့တဲ့ မန်ယူအတွက် စိတ်ညစ်နေမလား … Pay Slip ကိစ္စရော အဆင်ပြေသလား ...  တရက်တော့ ရုံးဟောင်းဆီကို ဖုန်းဆက်ကြည့်ပါဦးမယ်။


ဒီဇာတ်လမ်းမှာဆိုရင် အမျိုးသမီးရဲ့ ရိုက်တာကို ခံရတဲ့ ကိုမောင်မောင်အကြောင်းကို ဖတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးနှင့် တခြားလိင်စိတ်ခံယူမှုကွဲပြားသူ မည်သူမဆို အိမ်တွင်းအကြမ်းဖက်မှုရဲ့  သားကောင်ဖြစ်နိုင်တာကို ဒီဇာတ်လမ်းက မီးမှောင်းထိုးပြနေပါတယ်။ စစ်တမ်းလေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြောင်းရင်းတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံးရင်ဆိုင်နေ ရပါတယ်။ ဒါပေမယ့် အမျိုးသားတွေကလည်း အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ့ရနိုင်တယ် ဆိုတာကို ကျမတို့ နားလည်ထားဖို့ လိုပါတယ်။ အကြမ်းဖက်မှုကို ကျူးလွန်သူက ကျား/မ၊ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ဘယ် အကြောင်းနဲ့ မဆို အကြမ်းဖက်မှုကို ကျူးလွန်ပြီဆိုကတည်းက ကျူးလွန်သူရဲ့ အမှားသာ ဖြစ်ပါတယ်။ ထို့အပြင် ကျမတို့ ပတ်ဝန်းကျင်မှာ အမျိုးသားတွေကို သတ္တိရှိရမယ်/ ဦးဆောင်နိုင်ရမယ် ဆိုပြီး သတ်မှတ်ထားတဲ့ အတွက်ကြောင့် အမျိုးသားတွေ အနေနဲ့ မိမိတို့ ရင်ဆိုင်နေရတာတွေကို လွတ်လပ်စွာ ရင်ဖွင့် ဖွင့်ထုတ်ပြောဆိုဖို့ ခက်ခဲနေတာလည်း တွေ့ရပါတယ်။ အကြမ်းဖက်ခံရသူတွေက ဖွင့်ဟပြောဆိုလာတဲ့အခါ အပြစ်တင်ခြင်း/ ဝေဖန်ပြောဆိုခြင်းမရှိဘဲ သေချာစွာ နှလုံးသားနဲ့ နားထောင်ပေးဖို့ လိုပါတယ်။ အမျိုးသမီးက ဇနီးမယားဖြစ်ခြင်းပေါ် မူတည်ပြီး အမျိုးသားကို ထိန်းချုပ်ဖို့ လုပ်တာကို တွေ့ရပါတယ်။ အိမ်ထောင်ပြုလိုက်ပေမယ့် လူတိုင်းဟာ သူတို့ရဲ့ ဘဝကို စွန့်လွှတ်လိုက်တာ မဟုတ်ဘဲ မိမိနှစ်သက်ရာတွေ ပြုလုပ်ဖို့ ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။ ဒီဇာတ်လမ်းမှာဆိုရင် အမျိုးသမီးက အမျိုးသားရဲ့ ငွေကြေးသုံးစွဲမှုကိုပါ အများကြီး ထိန်းချုပ်ထားတာကို တွေ့နိုင်ပါတယ်။ အိမ်ထောင်ရေးမှ မဟုတ်ပါဘူး။ မည်သည့် ဆက်ဆံရေးမှာမဆို တစ်ယောက်နဲ့ တစ်ယောက်က အမြဲတမ်းလိမ်ညာနေရရင် သာယာပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်ခြင်းက အရေးကြီးပါတယ်။  မည်သည့် ဂျန်ဒါမဆို၊ လိင်စိတ်ခံယူမှုမှာ မဆို အကြမ်းဖက်ခံရမှုကို ကြုံတွေ့နိုင်ပြီး ထိခိုက်ခံစားနေရသူတွေကို လိုအပ်နေတဲ့ ကူညီမှုမျိုး ပေးပေးရမှာ ဖြစ်ပါတယ်။