ပျားကလေးက နောက်ဆုံးတော့ အိမ် တွေ့ ခဲ့ပါပြီ

ဟေ့ ယူက..ပန်းချစ်သူလားဟင် …

ဒါဆိုရင်

ချစ်စရာ ထားဝယ်မှိုင်းပန်းလေးတွေက မြင်ရရုံနဲ့  လူတစ်ယောက်ကို အသေသတ်နိုင်တယ်ဆိုရင်  ယူတို့ ယုံနိုင်ကြပါ့မလာ ...?

ပျောက်ဖို့ကြာတဲ့ ခန္ဓာကိုယ်ပေါ်ကအနာကို ယူတို့လည်း တစ်ခါလောက်တော့ ​ခံစားဖူးမ ယ်ထင်ပါရဲ့။ အသဲခိုက်အောင် နာရတယ်ဆိုပေမယ့် အချိန်တစ်ခုရောက်ရင် ပျောက်ကင်းဖူးကြလည်း ကြုံဖူးကြမှာပါ။

ဒါပေမဲ့ အိုင်…. ယူတို့ကို မေးကြည့်ချင်တာက .. စိတ်ထဲကအနာတွေကရော ပျောက်တတ်ကြလားဟင် …? 

အထူးသဖြင့် ကိုယ့်ဖြစ်တည်မှုကို ရိုက်ချိုးပစ်ခံရလို့ နာရတဲ့အနာ … ဘ၀မှာ အရာအားလုံးထက် ပိုနာရတဲ့ ရင်တွင်းဖြစ်အနာ …။

ဒီအနာတရကို အိုင် … ဘယ်တုန်းကစရခဲ့တာလဲဆိုတော့ ငယ်ငယ်လေးလို့ပြောရမယ့် သုံးတန်းလောက်ကတည်းက စပြီးရခဲ့တာပဲ။

ငယ်ငယ်ကတည်းက ပျော့စိစိ ခပ်နွဲ့နွဲ့လေးဖြစ်နေတဲ့ ကိုယ်က အပေါင်းအသင်းဆိုရင်လည်း မိန်းကလေးတွေနဲ့ပဲ ပေါင်းဖြစ်တာများတယ်။

ကိုယ်ကမ္ဘာနဲ့ ကိုယ်တော့ ငယ်ဘ၀ကကအဲဒီအချိန်ထိ ပျော်စရာအပြည့်နဲ့ပါပဲ။

ဒါပေမဲ့ အိုင် ... ကျူရှင်တက်ရတဲ့ အိမ်က ဆရာမရဲ့ အမျိုးသားက ကိုယ့်ကမ္ဘာကို အနှောက်အယှက် ပေးလာခဲ့တယ်။ ဒီအထဲမှာ ထားဝယ်မှိုင်းပန်းလေးက အဓိက သင်္ကေတ အဆိုးအချက်ပေး အမှတ်အသား ဖြစ်လာခဲ့တော့တာပါပဲ။

ငယ်ငယ်ကကျူရှင်တက်ရတဲ့ အိမ်ရဲ့အရှေ့ဝင်ပေါက်က  ထားဝယ်မှိုင်းပန်းရုံကြီးရှေ့က ဖြတ်ဝင်ရတာပေါ့။

ဆရာမရဲ့ အမျိုးသားက အဲဒီပန်းရုံရှေ့မှာ ထိုင်နေလေ့ရှိတယ်။ 

အဲဒါက ပြဿနာမဟုတ်ပေမယ့် သူက စစ်သားလူထွက် ယော်ကျာ်းလေးဆို ကျားကျားလျားလျားဖြစ်နေမှ ဆိုတဲ့ပုံစံခွက်ထဲ ထည့်ချင်တဲ့စိတ်က ကိုယ့်အတွက် ပြဿနာဖြစ်လာခဲ့တော့တာပဲ။

အိုင်တိို့တွေ အများစု ကြုံနေကြအတိုင်း မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းက လူမှုရေး စည်းဘောင်သတ်မှတ်ချက်ဆိုတာ သိပ်ကို ကျဉ်းမြောင်းလွန်းတော့ ဆရာမယောကျာ်းရဲ့ ဆရာကြီးလုပ် ဝင်စွက်ဖက်တာကို ခံခဲ့ရတော့တာပါပဲ။

ကျူရှင်ရှေ့က ထားဝယ်မှိုင်းပန်းရုံအောက်မှာ အမြဲ သူကထိုင်နေကျ … 

ကိုယ်လာရင် အမြဲ ကျောင်းသားတွေရှေ့ အဆူခံရတယ် ကျားကျားယားယားလျှောက် ဆိုပြီး ဒုတ်တစ်ချောင်းနဲ့ ရိုက်တာလည်းခံရတယ် တခြားကျောင်းသူ ကျောင်းသားတွေအတွက်တော့ ရယ်စရာလောက်ပဲဆိုပေမယ့် ကိုယ့်အတွက်တော့ စိတ်ဒဏ်ရာပဲ ။  

ဘယ်လောက်ထိတောင် ကိုယ့်အတွက် ဆိုးရွားတဲ့ ငယ်အိပ်မက်လဲဆိုတာ ပြောပြရရင်….ကျူရှင်တက်ဖို့ ကျူရှင်အိမ်နားနီးလာလို့..ထားဝယ်မှိုင်းပန်းနဲ့် ရလာလေ စိတ်ထဲကြောက်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်တုန်ရီလာလေပါပဲ …

ဒါဟာ ကိုယ့်ငယ်ဘ၀ ကမ္ဘာထဲက တစ်နေ့တစ်ရက်မဟုတ်ဘူး … နေ့တိုင်း ... နေ့တိုင်း ...ရနေခဲ့ရတဲ့ စိတ်အနာတွေ …။

အခုထိ ထားဝယ်မှိုင်းပန်းဆိုရင် အနံ့တောင် ခံလို့မရတော့တဲ့ အထိကို အိုင် ... မုန်းသွားခဲ့ရတာ။

အခုဆို အိုင် … နည်းနည်း အရွယ်ရောက်လာပြီ၊ လောကဓံကို အရေထူလာပြီဆိုပေမယ့်လည်း အဲဒီဖြစ်ရပ်ရဲ့ ဆင့်ပွား  အားငယ်စိတ်ကတော့ ကျန်နေစမြဲပါဲ … သိလား ...။ 

ထားဝယ်မှိုင်းပန်းအနံ့က အိုင့်ရဲ့  စိတ်အနာတရအတွက် အဆိုးဆုံ သင်္ကေတပဲ …။ 

အရွယ်ရောက်လာတော့လည်း LGBT ကို နားလည်လက်ခံဖို့ ဝေးမြဲဝေးနေတဲ့ ပတ်ဝန်းကျင်ကနေ အိုင့်စိတ်ထဲကို  ထားဝယ်မှိုင်းပန်းနံ့တွေ ​ထပ်ပေးကြပြန်တယ်လေ …။ 

အိုင် ... အလယ်တန်းလောက်ရောက်တော့ ကျောင်းသွားရင် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားရတယ်။ ဆ်ုင်ရှေ့ကဖြတ်လျှောက်ရင် “ဂန်ဒူးလာပြီ ကြည့်စမ်း” ဆိုပြီး စားပွဲထိုးနဲ့ ဆိုင်မှာ လက်ဖက်ရည်လာသောက်နေကြတဲ့ သူတွေ လှမ်းအော်ပြီး စတာကို ခံရတယ်။ အဲဒီရှေ့ကမဖြတ်ရင်လည်း အဲဒီထက် နှစ်ဆဝေးတဲ့လမ်းက ကွေ့ပတ်ဖြတ်ပြီး သွားရရင် ကျောင်းကို အချိန်မီ မရောက်နိုင်တော့ဘူးလေ။ သူငယ်ချင်းတွေပါတဲ့နေ့ဆို သိပ်မကြောက်ပေမယ့် ကိုယ်တစ်ယောက်ထဲဆို ဝေးတဲ့လမ်းကိုပဲရွေးပြီး သွားမိတဲ့အထိပါပဲ။ 

အဲဒီဒဏ်က ဘယ်လောက်ဆိုးလဲဆိုရင် တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ်အထိ လဖက်ရည်ဆိုင်ရှေ့တွေဆို မဖြတ်ရဲဘူး။ ထိုင်ဖို့ဆိုတာဝေးရော …။ လူတောမတိုးခဲ့ဘူးပေါ့။

လဖက်ရည်ဆိုင်ရှေ့ဆို တက္ကသိုလ် တတိယနှစ်လောက်မှ လက်ဖက်ရည်ဆိုင် စထိုင်ဖူးပြီး ဆိုင်ရှေ့ ဖြတ်လျှောက်ရဲသွားတော့တာ..။ 

အိုင် … ရှေ့က ပြောခဲ့တာတွေကတော့ မရင့်ကျက်သေးတဲ့ အရွယ်မှာ ကိုယ့်ဖြစ်တည်မှုကို လက်မခံနိုင်တဲ့ အသိုင်းအဝိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်အနာတရတွေပေါ့ …။ 

အခု အိုင်  … ထပ်ပြီး ပြောပြချင်တာက ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ နေတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ နောက်ပိုင်းဖြစ်လာရတဲ့ အကျိုးရလဒ်တွေပါ။

အရင်ကတော့ ကိုယ်လုပ်မယ့်အလုပ်တွေကအစ စဉ်းစားရတာပေါ့နော် ငါစိတ်နဲ့ ဒီအလုပ်နဲ့ ဖြစ်ပါ့မလား ဘာညာပေါ့။

ဟိုတယ်ဝန်ထမ်းအနေနဲ့ ဘဝမှာ ပထမဆုံးအလုပ်လုပ်ရတဲ့အချိန်ကဆိုရင် ကိုယ်နေနေကျ ပုံစံမဟုတ်တာမျိုးနဲ့ အလုပ်ကို လုပ်ခဲ့ရတယ်။

ဒါပေမဲ့  ဟန်ဆောင်တာက ခဏပဲလေ နောက်ကျလူတွေက သိလာကြတာပဲမို့  အဲဒီအတွက် စိတ်မလုံခြုံတာတွေ အမြဲရှက်သလို ရွံ့သလိုတွေဖြစ်ခဲ့ရတယ်။

နောက်ကျတော့လည်း ဒါဟာ ငါတစ်ယောက်ထဲဖြစ်နေတာ မဟုတ်ဘူး။

သူတို့အလိုကျ ငါကဘာလို့ လိုက်နေရမှာလည်း ငါလည်းငါနေတတ်သလို ဘဝကို လွတ်လွတ်လပ်လပ်နေမယ်ဆိုတဲ့ စိတ်နဲ့ ဥပေက္ခာပြုချလိုက်တယ်။

ဒါပေမဲ့ တစ်ခုရှိတာက LGBT ဆိုရင် လက်မခံဘဲနှိမ်ချင်ကြတာမျိုးကို ငါ့ကို သူတို့မနှိမ်အောင် အလုပ်နဲ့၊ အပြောအဆို အနေအထိုင်နဲ့ သက်သေပြရတာပေါ့ … ခက်ခဲခဲ့တယ် ဆိုပေမယ့် အကျိုးရှိခဲ့ပါတယ်။

ကိုယ်တိုင်က ဘယ်လိုဖြစ်နေနေ လူတိုင်းလေးစားအောင်နေရင် လေးစားကြမယ်။  Straight ဖြစ်နေလည်း လူလေးစားအောင်မနေရင်တော့ လေးစားကြမှာ မဟုတ်ဘူး ။ 

အရာရာက ကိုယ့်အပေါ်ပဲ မူတည်တယ် ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပြီး နေနေရင် ကိုယ့်အပေါ်လူတွေရဲ့ လေးစားမှုက အချိန်တစ်ခုရောက်ရင် ရလာမှာဆိုတာ သိလာရတယ်။

လူတိုင်းလည်း သူ့အလုပ်နဲ့သူဆိုတော့ အချိန်ပြည့် ကိုယ့်ကို ဂရုစိုက်နေနိုင်ကြတာမှ မဟုတ်တာမို့ ထိတွေ့ဆက်ဆံရတဲ့ အချိန်လေးမှာ ကိုယ်ဟာ လေးစားထိုက်သူဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့တော့ ကိုယ့်ဘက်က ကြိုးစားဖို့လိုတယ်လို့ … အိုင် … ပြောချင်ပါတယ်။


ကျမတို့ အသက်ရှင်နေစဉ်ကာလမှာ မည်သူမဆို မိမိရဲ့ လိင်စိတ်ခံယူမှုနှင့် ဖြစ်တည်မှု‌ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းခံရဖို့ မထိုက်တန်ပါဘူး။ Gender ဆိုတာ ကျမတို့‌ နေထိုင်တဲ့ ပတ်ဝန်းကျင်က ကျမတို့ရဲ့ ဖြစ်တည်မှုပေါ်  မူတည်ပြီး ယောကျာ်းလေးဆိုရင်တော့ ဘယ်လိုနေသင့်တယ်/ မိန်းကလေးဆိုရင်တော့ ဘယ်လိုနေသင့်တယ် ဆိုပြီး သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ဖြစ်တယ်။ ဥပမာ - အမျိုးသားတွေကတော့ မငိုရဘူး၊ ဦးဆောင်နိုင်ရတယ်။ အမျိုးသမီးတွေကတော့ ရှက်ကြောက်တတ်ရမယ်၊ အတင်းတုတ်တတ်တယ်၊ ဂေးတွေဆိုရင် ပျော့နွှဲ့တယ် စသဖြင့်ပေါ့။ အမှန်တော့ ဒါတွေက ပတ်ဝန်းကျင်က အရိုးစွဲနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေက မှန်ကန် မနေပါဘူး။   ဒီဇာတ်လမ်းထဲမှာလို သူတစ်ပါးရဲ့ ဖြစ်တည်ပေါ် အခြေခံပြီး လှောင်ရယ် ဟားတိုက်ကြတယ်ဆိုတာ အနိုင်ကျင့်မှု တစ်ခုသာ ဖြစ်ပါတယ်။ မိမိရဲ့ အပြုအမူကြောင့် တခြားသူမှာ အသက်ကြီးတဲ့အထိ အများကြီး စိတ်ဒဏ်ရာရနိုင်ပါတယ်။ ဒီဇာတ်လမ်းမှာ ထားဝယ်မှိုင်းပန်းရုံကြီးရှေ့မှာ အမြဲ အဆူခံရ၊ အရှက်ခွဲခံရတဲ့ အခါ အသက်ကြီးတဲ့အထိ ထားဝယ်မှိုင်းပန်းအနံ့ဆိုရင် ခံလို့ မရဘူး၊ မခံချင်ဘူး ဆိုတာမျိုးဆိုရင် မိမိရဲ့ စိတ်ဒဏ်ရာက ဘ၀တစ်လျှောက်မှာ သက်ရောက်မှုတွေ ရှိတာ နားလည်လာရပြီပေါ့။ ပြီးတော့ ခွဲခြားဆက်ဆံခံရခြင်း၊ အပြစ်တင်၀ေဖန်ခြင်း ခံနေသူအဖို့ ကိုယ့်ကိုယ်ကို စိတ်မလုံခြုံတာတွေ ခံစားရနိုင်ပါတယ်။ ငါဒီလိုလုပ်လိုက်ရင် ဘာတွေများဖြစ်သွားမလဲ၊ ငါ့ကို တယောက်ယောက်က ကြည့်နေမလား၊ ၀ေဖန်နေမလား၊ အပြစ်ပြောနေမလား စသဖြင့်၊ ဘ၀က အပြစ်တင် ၀ေဖန်ခံရပြီး နေထိုင်ဖို့ထပ် အများကြီး ပိုပါတယ်။ လူတစ်ယောက်ကို လိင်စိတ်ခံယူမှုပေါ် မူတည်ပြီး သူတို့ရဲ့ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေကို သတ်မှတ်လို့ မရပါဘူး။ စိတ်ဓာတ် မကျန်းမာဘဲ လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် ဖြစ်စေတဲ့ သူကတော့ ဘယ် ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ် လိင်စိတ်ကိုပဲ ခံယူထား ခံယူထား အဆိပ်အတောက် ဖြစ်စေမှာပဲ ဖြစ်ပါတယ်။  ကျမတို့ဟာ နေ့စဉ်ဘဝမှာ မိမိ မသိလိုက်ဘဲနဲ့ပဲ ဖြစ်ဖြစ် သူတစ်ပါးကို အခြေအနေ အကြောင်းကြောင်းနဲ့ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေမိနိုင်ပါတယ်။ မိမိတို့ လုပ်နေမိတဲ့အရာတွေက တခြားသူကို စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နိုင်သလား ဆိုတာကို အမြဲတမ်း ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ထိခိုက်ခံစားရတဲ့သူတွေကိုလည်း လူတွေရဲ့ ပုတ်ခတ်ပြောဆိုမှုတွေ အမြင်တွေကို မှန်ကန်၊ ကျန်းမာတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ပြီး မိမိရဲ့ ဘဝကို ပျော်ရွှင်အောင်၊ ကိုယ်ယုံကြည်တဲ့ လမ်းပေါ် ကိုယ်ရောက်နိုင်အောင်၊ ယုံကြည်မှု ရှိရှိနဲ့ အခြားသူများကို ထိခိုက်မှု မရှိဘဲ ပျော်ရွှင်ဖို့ ထိုက်တန်ကြောင်း အားပေး၊ ကူညီပေးရမှာ ဖြစ်ပါတယ်။