ကြောက်စိတ်

အဲဒီနေ့က ကျွန်တော် နေတဲ့အိမ်ကို စစ်သားတွေ အများကြီး သေနတ်တွေနဲ့ ရောက်လာတယ်။ လက်နက်ကြီးတွေ ကိုင်ပြီး အိမ်ရှိ လူအကုန် တစ်ယောက်မကျန် ထွက်ခဲ့ဖို့ ပြောတယ်။ ကျွန်တော် လုပ်တဲ့ အလုပ်က သတင်းမီဒီယာ အလုပ်ဆိုတော့ ကြောက်တာပေါ့။ စစ်သားတွေ ရောက်လာပြီလို့ သိကတည်းက ကျွန်တော် အသုံးပြုနေတဲ့ လပ်တော့နဲ့ ဖုန်းတွေကို ဖွက်ထားလိုက်ပြီ။ သူတို့ ကျွန်တော့်ကို ဖမ်းသွားရင် ဘာဆက်လုပ်မလဲ၊ ဘာတွေ ဖြေရမလဲ၊ စစ်ကြောရေးမှာ အသတ်ခံရမှာလား၊ ထောင်ထဲမှာ ဘယ်လိုနေရမလဲ စသဖြင့် ကျွန်တော် အတွေးတွေများပြီး ကြောက်နေခဲ့တယ်။  

ကံကောင်းထောက်မစွာနဲ့ စစ်သားတွေ လာစစ်တဲ့နေ့က သံသယရှိတဲ့ ပစ္စည်း ဘာမှ မတွေ့ခဲ့လို့ ဘေးရန်က လွတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့ကစလို့ ကျွန်တော် ညဘက်တွေ အိပ်မပျော်တော့ဘူး။ ဘယ်နေ့များ အိမ်ကို ထပ်လာစစ်မလဲ။ ဘယ်နေ့များ အပြင်သွားရင် အဖမ်းခံရမလဲ၊ ဖုန်းတွေ အစစ်ဆေးခံရမလဲ။ ဘယ်နေ့ထိ ကျွန်တော် ရှောင်ပုန်းနိုင်မလဲ စတဲ့ ကြောက်ရွံ့မှုပေါင်းများစွာနဲ့ ကလေး တစ်ယောက်လို ကြောက်ရွံ့နေခဲ့တယ်။ ကျွန်တော် အပြင်မထွက်ရဲတော့ဘူး။ လူတွေကို ရှောင်လာတယ်။ နေ့စဉ်နေ့တိုင်း အခန်းကျဉ်းလေးထဲမှာပဲ ကျွန်တော် နေတယ်။ စစ်သားတွေ သေနတ်ပစ်တဲ့ အသံကြားရင် အသက်ဝဝ မရှူရဲဘူး။ ညဘက် ရပ်ကွက်ထဲ စစ်ကားတွေ ကင်းလှည့်ရင် တိတ်တိတ်လေး အသံမထွက်အောင် မီးပိတ်ပြီး ခိုးနေရတယ်။ 

တစ်နိုင်ငံလုံး ဆန္ဒပြမှုတွေ ပြင်းထန်တဲ့နေ့၊ လူတွေအများကြီး အသတ်ခံရတဲ့နေ့၊ အဲဒီနေ့မှာ စစ်သားတွေ လမ်းထဲ သေနတ်လာဖောက်တယ်။ သေနတ်သံ ဆက်တိုက်ကြားတဲ့အချိန် တအားကြောက်ပြီး ကျွန်တော် မီးဖိုချောင်ထဲမှာ ဝပ်ပြီး ပုန်းခဲ့ရတယ်။ ညတိုင်းလည်း လမ်းထဲကို စစ်ကားတွေ ဖြတ်တယ်။ စစ်သားတွေ မြင်ရင် ကျွန်တော် ကြောက်တယ်။ စစ်ဖိနပ်သံကို  ကြောက်တယ်။ စစ်ကားသံကိုလည်း ကြောက်တယ်။ နေပြည်တော်မှာ သေနတ်နဲ့ ပစ်လိုက်လို့ ဆုံးသွားတဲ့ မြသွဲ့သွဲ့ခိုင်၊ မန္တလေးမှာ ပစ်ခတ်ခံရတဲ့ ကြယ်စင်၊ လှည်းတန်းမှာ ပစ်ခတ်မှုကြောင့် ဆုံးသွားတဲ့ ညီညီအောင်ထက်နိုင် သူတို့ သတင်းတွေ ရေးတုန်းက ရင်ထဲ ဆိုနင့်လိုက်တာ အရမ်းပဲ။ 

ကျွန်တော်နဲ့အတူ လုပ်ကိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်အချို့က လွတ်မြောက်နယ်မြေမှာ.. အချို့က ပြည်ပမှာ.. အချို့ကလည်း ပြည်တွင်းမှာပဲ အသီးသီး တိမ်းရှောင် ပုန်းခိုရင်း လုပ်ကိုင်နေကြ။ ရင်းနှီးသူ အချို့က ထောင်ထဲမှာ..။ အားလုံးက တကွဲတပြားစီနဲ့ အဆက်အသွယ် မရခဲ့ကြဘူး။ တစ်ဦးနဲ့တစ်ဦး မယုံကြည်တဲ့ သံသယတွေနဲ့ နေရချိန်မှာ မဆက်သွယ်တာကြာပြီ ဖြစ်တဲ့ unknown ဖုန်း ခေါ်ဆိုမှုတွေ ဝင်လာရင်တောင် ကြောက်ရွံ့နေခဲ့တယ်။

တကယ်တော့ ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုတွေဟာ ငယ်ဘဝကတည်းက စွဲပါလာခဲ့တာ။ အဖေက အမေ့ကို ရိုက်တယ်။ သားသမီးတွေကို ရိုက်တယ်။ ပတ်ဝန်းကျင်ကို ဆဲဆိုတယ်။ ရန်ရှာတယ်။ ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ဆယ်စုနှစ်ကျော်ကြာ ကြီးပြင်းခဲ့တဲ့ ကလေး တစ်ယောက်က စစ်သားတွေရဲ့ အကြမ်းဖက်မှုကိုလည်း ငယ်ဘဝတုန်းကလို ကြောက်နေခဲ့တယ်။

စစ်သားတွေက လူငယ်လူရွယ်တွေကို ဖမ်းတယ်။ အသက်ကြီးသူတွေကိုလည်း ဖမ်းတယ်။ ရိုက်နှက်တယ်။ နှိပ်စက်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ လုပ်တယ်။ လိင်ပိုင်ဆိုင်းရာ စော်ကားမှုတွေလည်း ရှိတယ်။ နောက်ဆုံး လူတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေ ကြားတဲ့အခါ ကျွန်တော် သူတို့ လက်အောက်မှာ မနေရဲတော့ဘူး။ ကြောက်လာတယ်။ အရမ်းကြောက်ခဲ့တယ်။ အဲဒီလို ကြောက်ရတဲ့ ပတ်ဝန်းကျင်ကနေ ကျွန်တော် ရအောင် ရုန်းထွက်ဖို့ ကြိုးစားတယ်။ ရသလောက် ကြိုးစားခဲ့တယ်။ နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ်။ 

ဒါပေမဲ့ အခုထိ မလွတ်မြောက်သေးဘူး။ ငယ်ငယ်ကတည်းက စွဲနေခဲ့တဲ့ ကြောက်စိတ်တွေက အရိပ်လို ရှိနေတုန်းပဲ။ တစ်ခါတစ်ခါ အိပ်မက်ဆိုးတွေ မက်တယ်။ တစ်ခါတစ်လေ လူတွေကို ကြောက်တယ်။ တစ်ခါတစ်ရံ ဘာမှန်းမသိတဲ့ ကြောက်စိတ်တွေ ဝင်လာရင် ကလေးလေး တစ်ယောက်လို စိတ်က အလိုလို သေးငယ်သွားတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစိတ်ဒဏ်ရာတွေကို တဖြည်းဖြည်း သက်သာအောင် ကုသနိုင်မယ်လို့ ကျွန်တော် ယုံကြည်နေရင်းပဲ... ။


ငယ်ငယ်တုန်းကတည်းက ကြောက်စိတ်တွေ၊ ထိတ်လန့်စရာတွေနဲ့ ကြီးပြင်းလာရတဲ့သူတွေအတွက် အသက်ကြီးတဲ့အခါ အလားတူ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရတဲ့ အချိန်မှာ အလွန်ခက်ခဲရပါတယ်။ ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ သေချာမကုသရသေးခင်မှာ ဒီလို အနိုင်ကျင့် နှိပ်စက်ခံရတဲ့ အဖြစ်အပျက်တွေ ကြုံတဲ့အခါမှာ အရင်က မေ့နေတာတွေပါ ပြန်ပေါ်လာပြီး ကိုယ့်ကိုပြန် ချိန်းခြောက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အကြောက်လွန်တာ၊ လန့်တာ၊ အိပ်မပျော်တာ၊ စိတ်ပူပန်တာ၊ ကိုယ့်ကိုကိုယ် သိမ်ငယ်တာ၊ စသဖြင့်ပေါ့။ ဒီလိုတွေ ကြုံတွေ့လာရတဲ့အခါမှာ တတ်ကျွမ်းနားလည်တဲ့ စိတ်ပညာရှင်တွေနဲ့ ဒါတွေ ဘာကြောင့်ဖြစ်ရလဲဆိုတာကို အဖြေရှာပြီး မိမိရဲ့ စိတ်ဒဏ်ရာကို ကုသသင့်ပါတယ်။ ငယ်ငယ်က ကြောက်ခဲ့ရ၊ ပင်ပန်းခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးပြီး ကုသရမယ်ဆိုတာ ပင်ပန်းကြမ်းတမ်းတဲ့ ဖြစ်စဉ်တခုလို့ အများစုက ဒါမျိုးကို ပြန်မပြောချင်ကြပါဘူး။ အချိန်တွေ ခွန်အားတွေလဲ အများကြီးယူရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီခက်ခဲတဲ့ အဖြစ်အပျက်ကို ကျော်လွှားမှသာ မိမိရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပြီး ဒီအိပ်မက်ဆိုးကနေ ရုန်းထွက်နိုင်မှာဘဲ ဖြစ်ပါတယ်။