တန်ဖိုး

ကျွန်မ ချစ်တဲ့အလုပ်၊ တန်ဖိုးထားတဲ့ အလုပ်က သတင်းတင်ဆက်သူပါ။ ကျွန်မ တင်ဆက်တဲ့ သတင်းတွေကို ပြည်သူတွေ ကြည့်ရှုတယ်၊ အားပေးတယ်ဆိုရင် ပျော်နေခဲ့တာ။ အာဏာမသိမ်းခင် ကာလတွေတုန်းက ပုံမှန် လည်ပတ်ခဲ့တဲ့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေက အာဏာသိမ်းပြီးနောက်မှာ စပြီး ဖရိုဖရဲဖြစ်တော့တာပဲ။ အထူးသဖြင့် သတင်းတင်ဆက်သူ လုပ်နေတဲ့ ကျွန်မတို့တွေက နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ့စရာ သတင်းတွေကို ရေးသား ဖတ်ရှု တင်ဆက်ပေးနေရတယ်။ ဒါတွေကိုပဲ ထပ်တလဲလဲ ရေးသား တင်ဆက်နေရတယ်။

မှတ်မှတ်ရရ ရန်ကုန်မှာ ဆန္ဒပြပွဲတွေ အခြေအနေ ဆိုးလာတဲ့အချိန်၊ သတင်း မီဒီယာတိုက်တွေကို စစ်တပ်က ဝင်စီး၊ သတင်းသမားတွေကို ဖမ်းဆီးနေချိန်မှာ သတင်းတင်ဆက်သူတွေအတွက်လည်း မလုံခြုံတော့ဘူး။ ကျွန်မကတော့ ငယ်ရွယ်သူဖြစ်တာနဲ့အညီ စွန့်စားချင်တယ်။ တော်လှန်ချင်တယ်။ မတရားမှုကို မကြိုက်ဘူး။နောက်တော့ ကျွန်မတို့ သတင်းဌာနရဲ့ စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေထဲမှာ အခက်အခဲတွေကြားက သတင်းတင်ဆက်ခဲ့တယ်။ အဲ့ဒီ့မှာ မလုံခြုံတော့လို့ နောက်ဆုံး တစ်ဖက်နိုင်ငံကို အခက်အခဲ မျိုးစုံကြားကနေ ခိုးကြောင်ခိုးဝှက် အထောက်အထားမဲ့စွာ ဝင်ခဲ့ရတယ်။ အဲဒီမှာစပြီး ခံစားမိတာက ကျွန်မတို့မှာ ဘာအပြစ်ရှိလို့ ဒီလိုမျိုး မလုံမခြုံနဲ့ ခိုးကြောင်ခိုးဝှက် နေနေရတာလဲ။ တစ်ဖက် အိမ်နီးချင်းနိုင်ငံကို ရောက်ခါစက ဘာအထောက်အထားမှ မရှိတဲ့အတွက် ကျွန်မ အပြင် မထွက်ရဲခဲ့ဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်ထဲမှာပဲ အချိန်ကုန်ရင်း အလုပ်နဲ့ အိပ်ခန်း၊ အိပ်ခန်းနဲ့ အလုပ်သာ ကမ္ဘာတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ မိသားစုကိုလည်း ရံဖန်ရံခါမှသာ ဆက်သွယ်ပြီး သူတို့ကိုလည်း လုံခြုံစွာ နေဖို့ကလွဲလို့ အခြား ချစ်ခင်ရကြောင်း စကားတွေ၊ လွမ်းဆွတ်မိကြောင်းတွေ မပြောခဲ့ဘူး။ ဒီလိုပဲ ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်း အချို့ကိုလည်း မဆက်သွယ်မိခဲ့ဘူး။

လူတွေနဲ့ တစ်နှစ်ကျော်နှစ်ပါး အဆက်အသွယ် ပြတ်ခဲ့တယ်။ နဂိုကတည်းက ကျွန်မက လူတွေကို နီးနီးကပ်ကပ် ခင်မင်တတ်သူတော့ မဟုတ်ဘူး။ လူတွေနဲ့ ရင်းရင်းနှီးနှီး ခင်ရမှာလည်း ကြောက်တယ်။ ပြဿနာတွေ ဖြစ်လာရင် တစ်ယောက်တည်းပဲ ရင်ဆိုင် ဖြေရှင်းတယ်။ တစ်နေ့မှာတော့ ကျွန်မက အလုပ်ကိစ္စနဲ့ သွားလာရင်း ထင်မှတ်မထားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်။ ဘဝမှာ ယာဉ်မတော်တဆမှု တစ်ခါမှ မကြုံဖူးတဲ့ ကျွန်မအတွက်တော့ အဲ့နေ့က ကမ္ဘာပျက်သလိုပါပဲ။ အဲ့အမှုမှာ ကျွန်မက နစ်နာသူ ဖြစ်ပေမယ့် အထောက်အထား အပြည့်အစုံ မရှိတာကြောင့် မတရားမှန်း သိသိရက်နဲ့ တဖက်လူထံ မတန်တဆ လျော်ကြေး ပေးခဲ့ရတယ်။ ကျွန်မမှာ တရားဝင်နေထိုင်နေတဲ့ အထောက်အထား စာရွက်စာတမ်း ဘာမှ မရှိတဲ့အတွက် ရဲစခန်းကို လိုက်သွားပြီး ဖြေရှင်းရမှာ ကျွန်မ စိုးရိမ်ခဲ့တယ်။

ဘာသာစကား နားလည်မှု အခက်အခဲကြောင့် ဒီအမှုဟာ မတရားမှန်း သိနေပေမယ့် ကျွန်မ ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်မ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်မ အဖွဲ့အစည်းကို ပြောပြတယ်။ သူတို့ဘက်က ဘယ်လို ကူညီပေးမယ်ဆိုတဲ့ တုံ့ပြန်မှုမျိုး ချက်ချင်း မရရှိခဲ့ဘူး။

ကျွန်မ ဘာဆက်လုပ်ရမှန်း မသိဘူး။ အရမ်း ဝမ်းနည်းပြီး တစ်နေ့လုံး ငိုတယ်။ ပြီးတော့ ကျွန်မ အိပ်လိုက်တယ်။ အိပ်ရာက နိုးလာရင် အရာအားလုံးကို မေ့သွားမယ် ထင်ခဲ့တာ။ ပြန်နိုးလာတော့ ဒီပြဿနာတွေက မဖြေရှင်းရသေးဘူး။ ကျွန်မကိုယ်တိုင် ဖြေရှင်းမှပဲ ရမယ်။ ကျွန်မ စုဆောင်းထားသမျှ ငွေတွေ အကုန်နီးပါး ပေးလျော်ရတော့ ကျွန်မ ဝမ်းနည်းမိတာ အရမ်းပဲ။ အဓိက ငွေကြေးကို နှမြောတာထက် မတရားမှု တစ်ခုမှာ မတရားမှန်း သိသိရက်နဲ့ ငြိမ်ခံနေရတာကိုပါ။ ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း ကျွန်မက ကိုယ်ကိုယ်တိုင်ထက် ယာဉ်တိုက်သူ အဆင်ပြေရဲ့လား၊ သူတစ်ခုခု ဖြစ်သွားမလား စိုးရိမ်ခဲ့တယ်။ တစ်ခုခုဆိုရင် ကျွန်မက ကိုယ့်ပြဿနာတွေကို ထုတ်ပြောလေ့ မရှိဘူး။ ဒီလို ဖြစ်လာရတဲ့ အကြောင်းကလည်း ကျွန်မဟာ အသက်ငယ်ငယ်လေးနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဘဝကို ရုန်းကန် ကြိုးစားခဲ့ရလို့ပါပဲ။ မိသားစုအပေါ်လည်း ကျွန်မရဲ့ မှီခို အားကိုးမှုက နည်းပါးတယ်။ မိဘတွေရဲ့ ပဋိပက္ခကြားမှာ ကြီးပြင်းခဲ့ရတဲ့သူမို့ ကျွန်မ မေတ္တာတရားကို အယုံအကြည် မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကို မိတ်ဆွေအချို့က ကူညီပေးကြတယ်။ ဝိုင်းဝန်း သတင်းမေးတယ်။ အားပေးကြတယ်။ အခက်အခဲ ပြဿနာ တစ်ခုခုကြုံရင် မိသားစုကိုတောင် ထုတ်မပြောတတ်တဲ့ ကျွန်မက မိတ်ဆွေတွေ ကူညီပေးကြတဲ့အပေါ် ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ ဒီလိုနဲ့ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီးခဲ့တဲ့အခါ အလုပ်လုပ်ရတာ မပျော်တော့ဘူး။ ကျွန်မ ဖြတ်သန်းရတဲ့နေ့တွေ အဓိပ္ပါယ် မဲ့လာသလိုပဲ။ ကျွန်မ တန်ဖိုးထားတဲ့အလုပ်က ကျွန်မကို တန်ဖိုး မထားဘူးလို့ ခံစားရတယ်။ တန်ဖိုးထားမှုတွေ ထပ်တူမကျတဲ့အခါ ကျွန်မ နေရတာ မပျော်သလို မွန်းကျပ်လာတယ်။ ကျွန်မ နေ့စဉ် ဖတ်ရတဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေကို မဖတ်ချင်တော့ဘူး။ တစ်ရက်တစ်ရက် လူတွေ သေတဲ့ သတင်းတွေ၊ ဆန္ဒပြတဲ့ သတင်းတွေ၊ စစ်ကောင်စီက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တဲ့ သတင်း၊ တိုက်ပွဲသတင်းတွေ၊ အမျိုးသမီးတွေ ကလေးငယ်တွေ ဖမ်းဆီးနှိပ်စက်ခံရတဲ့ သတင်းတွေ အဲဒီ သတင်းတွေ ကျွန်မ မဖတ်ချင်တော့ဘူး။ ဖတ်တဲ့အခါမှာလည်း ကျွန်မ ခံစားချက် မရှိတော့ဘူး။ ဘာသတင်းကိုမှ ကျွန်မ မမြင်ချင် မကြားချင်တော့ဘူး။

တစ်ခါတစ်ခါ ကျွန်မ ဘာအလုပ်မလုပ်ဘဲ တစ်နေကုန် အိပ်ပဲ အိပ်နေမိတယ်။ အိပ်နေရင် အရာအားလုံးကို မေ့သွားတယ်။ ဒါပေမဲ့ ကျွန်မ ပြန်နိုးထလာချိန်မှာ ဆက်ရှင်သန်ရတယ်။ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်။ ကျွန်မကို တန်ဖိုးမထားတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့။ ကျွန်မကိုယ် ကျွန်မ ပြန်ရှာဖွေတယ်။ မိတ်ဆွေတွေနဲ့ စကားပြောတယ်။ မိသားစုတွေနဲ့ ပုံမှန် ပြန်ဆက်သွယ်တယ်။ ကျွန်မ ချစ်ရတဲ့ အလုပ်ကို ကြိုးစားပြီး လုပ်ကိုင်မယ်။ ကျွန်မ ရည်မှန်းချက်က ဒီကာလမှာ အထွေအထူးတော့ မရှိပါဘူး။ ကိုယ်ချစ်ရတဲ့ အလုပ်ကို တန်ဖိုးထားပြီး လုပ်နေရရင် ကျွန်မကိုယ် ကျွန်မ တန်ဖိုးရှိတယ်လို့ ခံစားနေမိတာပါပဲ။


ကျမတို့အားလုံး မတရားမှန်းသိသိရက်နဲ့ အင်အားချင်းမမျှလို့ သည်းခံနေရတာက အလွန်မွန်းကျပ်ဖို့ ကောင်းလှပါတယ်။ ကိုယ်မမှားဘဲ ငုံ့ခံနေရတဲ့ ဒီအခြေအနေကို မွန်းကျပ်လာမယ်။ ဒီအခြေအနေဆိုးကြီးကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တွေနဲ့ မုန်းတီးစိတ်တွေလဲ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီလို မဖြစ်ဖို့လဲ ကျမတို့အားလုံး မိမိရဲ့ စိတ်ကို အလေးထားပြီး ဂရုစိုက်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောဆိုဆိုတာဟာ ရှက်စရာ မဟုတ်ပါဘူးနော်။ ဒီလိုစိတ်ပင်ပန်းစရာအချိန်တွေ ကြုံတွေ့နေချိန်မှာ ကိုယ့်ကိုကိုယ် ပြန်ရှာဖွေနိုင်ဖို့ ကိုယ်နှစ်သက်ရာလေးတွေ ပြုလုပ်ပြီး မိမိနှစ်သက်သူတွေနဲ့ အချိန်ကုန်ဆုံးကာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အလေးပေးဖို့လိုပါတယ်။