ကြောင်ဝါလေး တစ်ကောင် လမ်းမှာတွေ့ခဲ့တဲ့နေ့က ညအိပ်တော့ အိပ်မက်ဆိုးတွေမက်တယ်။ ဖိုးချွဲလေးက အိပ်မက်ထဲမှာ တညောင်ညောင်အော်နေတယ်။ မိုးရွာထဲမှာအေးနေတယ်။ ဗိုက်ဆာလွန်းလို့ တဆတ်ဆတ်တုန်နေတယ်။ ထုံးစံအတိုင်းလူတွေက သူ့ကို ကန်ထုတ်ကြ အော်ထုတ်ကြနဲ့ သူ့ခမျာအတိဒုက္ခရောက်နေတာပဲ။ သူ့ကိုကြည့်နေရင်း ဝမ်းနည်းလွန်းလို့ ငိုနေရင်းနဲ့ အိပ်မက်ကနေ လန့်နိုးလာရတယ်။ ဖိုးချွဲရေ - တကယ်အပြင်မှာရော နင် အဲ့သလိုပဲ ဒုက္ခတွေ ရောက်နေတာလား။ အသက်ရောရှင်သေးရဲ့လား။ ငါ့ကိုရော မုန်းနေလား ခွင့်လွှတ်ရဲ့လား။
ငါ တိုင်းရင်းသားနယ်မြေဘက်ကို ရောက်လာတဲ့အချိန်တုန်းက နင်လည်း အဲ့ဒီ့ရွာဘက်ကို ရောက်လာခါစနော်။ နင်က ရုပ်ကလည်း ဆိုးလိုက်တာ မျက်နှာကလည်းမချို အသံကြီးကလည်း အသံကွဲကြီးဆိုတော့ ဘယ်သူကမှလည်း နင့်ကိုမချစ်ဘူး။ ကြောင်ဆိုရင် အသည်းအသန်ချစ်တတ်ပြီး ရန်ကုန်မှာ မွေးထားတဲ့ကြောင် ၁၁ ကောင်ကို ပစ်ပြေးလာရတဲ့ ငါကသာ နင့်ကို ဖိုးချွဲ ဖိုးချွဲနဲ့ တယုတယ ချစ်လိုက်ရတာ။ ဘာမှ ကြိုမပြင်ဆင်ထား ဘာမှ မပါလာဘဲ ငါ့မှာ ပစ္စည်းလေးနည်းနည်းနဲ့ ရောက်လာပြီး နေထိုင်ရေးတွေ အစားအသောက်တွေ ခက်ခဲနေရတာတွေ၊ ပြီးတော့ အလုပ်ထဲမှာလည်း အတိုက်အခိုက် အခက်အခဲတွေ များနေလို့ စိတ်အရမ်းညစ်နေရချိန်တွေမှာ နင်က ငါ့ဘေးမှာ အမြဲရှိနေပြီး ငါ့စိတ်ကို သက်သာစေခဲ့တာနော်။ ငါတစ်ယောက်ထဲမဟုတ်ဘူးဆိုပြီး တွယ်တာစရာလေး နင် ရှိနေလို့ ငါ့မှာ နည်းနည်းဖြေသာစရာရှိခဲ့တာလေ။ ငါတို့ ဒီလိုပဲ နေရစားရရ မပြည့်စုံပေမယ့် အချင်းချင်း ချစ်နေရင်း အချိန်တွေ ကုန်ခဲ့တာ အကြာကြီးကို။
ဒါပေမယ့် နင်က ဒုက္ခလည်း ပေးတတ်သေးတာပါ။ တွေ့ကရာ သေးလျှောက်ပန်းတတ်လို့ နဂိုကမှ နင့်ကိုမချစ်တဲ့ လူတွေက ပိုပြီး အမြင်မကြည်ရတဲ့ကြားထဲ သူများ လက်ပ်တော့ကို သေးသွားပန်းလို့ လက်ပ်တော့ပျက်သွားတာနဲ့ ငါ့မှာ မရှိ ရှိတဲ့ထဲကနေ ပိုက်ဆံလျော်လိုက်ရသေးတယ်လေ။ ငါ အဲ့မှာနေလို့ ဘယ်လိုမှ မရတော့လို့ ကမ်းကူးပြီး ဒီဘက်ကိုပြေးမယ် လုပ်တော့လည်း နင်ဟာ အနားမနေဘဲ လျှောက်သွားနေလို့ လာခေါ်တဲ့လူတွေ ငြိုငြင်တာခံပြီး နင့်ကို မရမက လိုက်ရှာဖမ်းရသေးတယ်။ ကြောင်ထည့်တဲ့ ကျောပိုးအိတ်ကျပ်ကျပ်ကလေးထဲမှာ နင်ကြောက်လွန်း လန့်လွန်းလို့ အော်နေတာတွေ၊ စက်လှေနဲ့ မြစ်ကိုကူးတော့ ရေမြင်ပြီး နင်လန့်နေတာတွေ ကြည့်ပြီး ငါနင့်ကို သနားလိုက်တာ။ ဒါကြောင့်လည်း ဒီဘက်နိုင်ငံဘက်ခြမ်းရောက်ပြီး စစ်ဆေးရေးတွေ များနေလို့ ရွာမှာ တစ်ည ခိုနေရတုန်း နင် ခြေညောင်းလက်ဆန့် လုပ်လို့ရအောင်ဆိုပြီး ခဏလေး ထုတ်ပေးလိုက်မိတာပါ။ နင်က ငါ့အိပ်ရာနေရာလေး ဘေးနားပဲ တပတ်လျှောက်ပြီး ပြန်လာလိုက် ခဏပြန်ထွက်သွားလိုက် ပြန်လာလိုက်လုပ်တော့၊ နင်ပြန်လာသားပဲဆိုပြီး ငါလည်း စိတ်ချလိုက်မိတာ။
စိတ်ရောလူပါ ပင်ပန်းလွန်းလို့ ခဏလေး မှေးခနဲ ငါ အိပ်ပျော်သွားတုန်းကို နင်က ဘယ်ပျောက်သွားတာလဲ ဖိုးချွဲရယ်။ ငါနိုးလာတော့ နင်မရှိဘူး ပြန်လည်းမလာဘူး လိုက်ရှာတော့လည်း မတွေ့ဘူး။ ငါ့မှာ ခိုးကြောင်ခိုးဝှက်နဲ့ သူများနိုင်ငံထဲ ဝင်ရတာ။ ဘယ်သူက နင့်ကို လိုက်ရှာဖို့ အကြာကြီးစောင့်ပေးမှာလဲ။ ဘယ်လိုရှာရှာ ဘယ်လိုခေါ်ခေါ် နင်ပြန်မလာလို့ နောက်ဆုံး မတတ်နိုင်ဘဲ ငါထွက်လာခဲ့ရတယ်။ ခဏ ဝင်နားပြီး ညအိပ်ခဲ့ရတဲ့ တဲရှင်တွေကိုလည်း ကြောင်ကလေး ပြန်လာရင် အကြောင်းကြားပါနော် ဆိုပြီး ငါ့ကို ဆက်သွယ်လို့ ရနိုင်မယ်လို့ ငါထင်သမျှ နည်းလမ်းတွေကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ကြောင်ရုပ်ဆိုးလေးတစ်ကောင်အတွက် ဘယ်သူက အဲ့သလောက် ဒုက္ခခံပါ့မလဲလို့ ငါထင်တော့ ထင်ခဲ့သား။ ဒီကြားထဲ ငါ့မှာ ရှိသမျှ ပိုက်ဆံလေးတွေ ဒီဘက်ရောက်တော့ အခိုးခံရလို့ လက်ထဲ ၂၀၀ ပဲ ကျန်ပြန်တော့ ငါ့နေရေးထိုင်ရေးနဲ့ စားသောက်ဖို့တောင် အခက်အခဲ ဖြစ်သွားတာ။ နင့်ကို တွေ့ပြီလို့ ပြောလာရင်တောင် ငါ့ဆီခေါ်ဖို့ ဘယ်လို စရိတ်စက ပေးမလဲနော်။ အဲလို အခက်အခဲကို သိလို့များ နင်ကလည်း ငါ့ဆီ ပြန်မရောက်လာတော့တာလား။
ငါ့မှာ ငါ့တိုင်းပြည်အကြောင်းတွေ ငါ့တိုင်းပြည်ကလူတွေ သေကျေ ဒုက္ခရောက်တာတွေကြောင့် စိတ်မကောင်းရတာတွေ၊ ငါ့မိသားစုကို စိတ်ပူတာတွေ၊ ငါ့အိမ်ထောင်ရေးပြဿနာတွေရှိနေပေမယ့် အဲ့ဒါတွေက ထုတ်ပြောလို့ရသေးတယ်ဟယ်။ ဒါပေမယ့် ငါ့ကြောင့် နင်ဒုက္ခရောက်ရတယ်ဆိုတဲ့ အပြစ်စိတ်ကြီး အရမ်းကြီးနေတာကိုတော့ ဘယ်သူ့ကိုမှ မပြောမိဘူး။ ငါပြောရင်လည်း “အမလေး ကြောင်လေးကိုများ ဖြစ်နေလိုက်တာ”လို့ ပြန်ပြောခံရမှာ ကြောက်တယ်။ ငါ့အတွက်တော့ နင်က ကြောင်လေးဆိုတာထက်ပိုပါတယ်။ ငါအထီးကျန်နေတုန်း တွယ်ရာမဲ့နေတုန်း ငါ့ကို အဖော်ပြုပေးခဲ့တာလေ။ ငါသာ ဇွတ်အတင်း ဖမ်းမခေါ်လာရင် နင်က နင်ရင်းနှီးတဲ့ နယ်မြေဒေသမှာ အေးအေးဆေးဆေး ကျန်နေခဲ့မှာနော်။ ငါ အဖော်မမဲ့ချင်တာနဲ့ပဲ နင့်ကို အတင်းခေါ်လာမိတာ နင့်မှာ သူစိမ်းတွေနေရာမှာ တစ်ကောင်ထဲ ကျန်ခဲ့ရပြီ။ နင် ကြောက်နေမှာပဲ။ နင်ဘယ်လို စားသောက် နေထိုင်နေလဲ။ နင့်ကို တခြားကြောင်တွေ ခွေးတွေက အန္တရာယ်များပြုနေကြလား။ နင် နေကောင်းရဲ့လား။ အသက်ရှင်သေးရဲ့လား။ ငါ့ကို အပြစ်တင်နေသေးလား။ ငါတောင်းပန်ပါတယ်နော်။
ဟော - ငါ ငေးနေတွေးနေရင်း အခုလေးတင် ကြောင်ဝါလေးတစ်ကောင် ဟိုဘက်ခြံစည်းရိုးပေါ်မှာ တွေ့လိုက်တယ်။ ညကျရင်တော့ ငါအိပ်မက်ဆိုးတွေ မက်တော့မှာပဲ။
ကိုယ်အခက်အခဲဖြစ်တဲ့အချိန်မှာ အနားမှာ ရှိပေးတဲ့သူဆိုရင် ပိုပြီး ချစ်ခင်တန်ဖိုးထား အားကိုးလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ကိုယ်တန်ဖိုးထားရတဲ့လူတွေ တရိစ္ဆာန်လေးတွေနဲ့ ကွေကွင်းရတဲ့အခါမှာလဲ ပိုမိုနာကျင်စွာ ခံစားရလေ့ရှိကြပါတယ်။ သူနဲ့အရင်တုန်းက ရှိခဲ့တဲ့ အဖြစ်အပျက်တွေက ခြောက်လန့်နေတာ၊ ကိုယ့်ကိုကိုယ်အပြစ်တင်မိတာတွေကလဲ ဖြစ်တတ်ကြပါတယ်။ ဒီလိုအတွေ့အကြုံတွေနဲ့ ခံစားချက်တွေဟာ သာမန်ဘဲဖြစ်ပါတယ်။ ယခုဇာတ်လမ်းမှာဆိုရင်လဲ ဖိုးချွဲလေးနဲ့ ကွဲကွာရတာမဟုတ်ဘဲ အခြေအနေအရသာ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တခါတလေကျရင် တချို့အဖြစ်အပျက်တွေကိုကို ကျွန်ကျွန်မတို့ ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာ တဖြည်းဖြည်း နားလည်လက်ခံဖို့ လိုပါတယ်။ ဒီလိုမျိုး ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာ ခွဲခွာရတဲ့ အတွေ့အကြုံတွေနဲ့ မိမိကိုယ်ကို အပြစ်တင်စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့ နည်းလမ်းလေးတွေလည်း ပြုလုပ်ပေးဖို့ အကြံပေးလိုပါတယ်။ မိမိနှစ်သက်ရာလှုပ်ရှားမှုတစ်ခုခုမှုတစ်ခုခုလုပ်တာ၊ စာရေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ စသဖြင့်ပေါ့။ စိတ်နှလုံးကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးတယ်ဆိုတာကို မမေ့ပါနဲ့နော်။