ကျန်းမာသောချစ်ခြင်းများဆီ

လက်ထဲမှာ ကင်မရာတစ်လုံး ရှိနေရင် မြင်မြင်သမျှ မြင်ကွင်းတွေကို မှတ်တမ်းတင် လိုက်ရိုက်တတ်တဲ့ ကျွန်တော့်အတွက် ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ထပ်တူကျခဲ့တယ်။ စစ်အာဏာမသိမ်းခင် အချိန်ထိ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ကိုင်ရင်း ကျွန်တော်နဲ့ ကျွန်တော့် လက်တွဲဖော် အေးချမ်းတဲ့ တောင်ပေါ်မြို့လေးမှာ အတူနေကြမယ်၊ ခရီးတွေ အတူ ထွက်ကြမယ်၊ ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရင်း သူ့အနားမှာ အဖော်ပြုပေးမယ်။ ဒါက ကျွန်တော်တို့ အတူမက်ခဲ့တဲ့ အိပ်မက်လေးပေါ့။

၂၀၂၁ ၊ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီလို့ ကြေညာလိုက်တဲ့ အချိန် ကျွန်တော်တို့ အိပ်မက်တွေအကုန် ပျက်စီးသွားတယ်။ ဒါပေမဲ့ ကျွန်တော့် ဝါသနာကို မရပ်ခဲ့ဘူး။ အာဏာသိမ်းဖြစ်စဉ် ဆန္ဒပြတာတွေကို တောက်လျှောက် မှတ်တမ်းတင် ရိုက်ကူးခဲ့တယ်။ ဒါပေမဲ့ ဒါက အချိန်တစ်ခုထိပဲ။ မြန်မာပြည်မှာ အခြေအနေတွေ ဆိုးလာတဲ့အချိန် သတင်းသမားတွေနဲ့ မှတ်တမ်းယူတဲ့ မီဒီယာသမားတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်လာတဲ့အချိန်မှာ ကျွန်တော်တို့က ကင်မရာတွေနဲ့ ပေါ်ပေါ်ထင်ထင် မရိုက်ရဲတော့ဘဲ ဖုန်းတွေနဲ့ပဲ ခိုးရိုက်ခဲ့ရတယ်။ ဒီလိုနဲ့ ကျွန်တော်က ၂၀၂၁ နှစ်ကုန်ပိုင်းထိ မြန်မာပြည်မှာ ရှောင်ရင်းတိမ်ရင်း မှတ်တမ်း ရုပ်သံအချို့ ရိုက်ကူးနိုင်ခဲ့တယ်။

မြန်မာပြည်မှာ လုံခြုံမှု မရှိတော့လို့ နောက်နိုင်ငံ တစ်နိုင်ငံကို ရောက်လာချိန်မှာ ကျွန်တော် ချစ်တဲ့အလုပ် ရိုက်ကူးရေးကို ဆက်မလုပ်နိုင်တော့ဘူး။ ဘဝကြီးက နေမပျော်တော့ဘူး။ အဓိပ္ပါယ် မဲ့လာတယ်။ အလုပ်မရှိတော့ ကျွန်တော့်မှာ ဝင်ငွေလည်း မရှိဘူး။ မြန်မာပြည်မှာ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့သမျှ အရာတွေကို ထုခွဲရောင်းချပြီး အခြား နိုင်ငံမှာ ရပ်တည်နေရတယ်။ အစစအရာရာ သုညကနေ ပြန်စရတဲ့ ဒီဘဝ..။ ကျွန်တော်တို့ နံဘေးမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေလည်း မရှိတော့ဘူး။ ဘာသာစကားကအစ နားလည်ဖို့ ခက်တဲ့ ဒီနိုင်ငံမှာ တစ်ရက်၊ တစ်ပတ်၊ တစ်လကစလို့ တဖြည်းဖြည်းချင်း ကျွန်တော် နေရတာ မပျော်တော့ဘူး။ ညဘက်တွေ အိပ်မပျော်ဘူး။ အစားလည်း မဝင်တော့ဘူး။ ကျွန်တော် ပေါင်ချိန်တွေ ကျလာတယ်။ ကျန်းမာရေးလည်း အားနည်းလာတယ်။ အလုပ်မလုပ်ရတော့ တစ်ဖြည်းဖြည်း စိတ်ဓာတ်ကျလာတယ်။

ကျွန်တော် စိတ်ကျတဲ့အချိန်မှာ မြင်မြင်သမျှက အဆင်မပြေဘူး။ အရာရာကလည်း ထိလွယ်ရှလွယ်ပဲ။ အဲဒီအချိန်မှာ ကျွန်တော် သိပ်ချစ်တဲ့ လက်တွဲဖော်ကို အော်ဟစ် ဆဲဆိုမိတယ်။ ရိုက်နှက်တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒေါသနဲ့ ဖောက်ခွဲတယ်။ ဘာဆိုဘာမှ အခြေတကျ မရှိတဲ့ ဘဝမှာ အနာဂတ်ဆိုတာ ရေရေရာရာ မရှိခဲ့ဘူး။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာလည်း ကြိုမခန့်မှန်းနိုင်ခဲ့ဘူး။ တစ်နေရာပြီး တစ်နေရာ ပြောင်းရွှေ့ရတဲ့ ဒုက္ခ၊ နေရာအတည်တကျ မယ်မယ်ရရ မရှိဘဲ ရွှေ့ပြောင်းနေရတဲ့ ဒဏ်တွေကို ကျွန်တော့် လက်တွဲဖော်က ခံနိုင်ရည် မရှိဘူး။ ဒီထက် ဆိုးတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ ကျွန်တော်ကတော့ ဒီဘဝကို ဒူပေဒါပေခံရုံပဲ။ အရင်ကတော့ သူ့ရဲ့ အားနည်းချက် သေးသေးလေးတွေကို လက်ခံ နားလည်နိုင်ခဲ့ပေမယ့် ခက်ခဲ လာတဲ့ ဘဝမှာ ကျွန်တော် သူ့အပေါ် သည်းမခံနိုင်တော့ဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ပြောပြရခက်တဲ့ ဒီ အိမ်ထောင်ရေး ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အဖြေမပေါ်ခဲ့ဘူး။

“ကျွန်တော်က သူ့ကို သိပ်ချစ်တာ။ သိပ်ချစ်လို့ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ယူခဲ့တာ။ ဒါပေမဲ့ စိတ်တအားကြီးပြီး ဒေါသထွက်လာရင် ငါက ငါ မဟုတ်တော့ဘူး။ အခြားသူ ဖြစ်သွားတယ်။ နံရံတွေကို လက်သီးနဲ့ ထိုးတယ်။ တီဗီတွေကို ရိုက်ခွဲတယ်။ သူ့ကိုလည်း လူမဆန်အောင် ရိုက်တယ်။ ကိုယ့်အသားကိုယ် နာအောင် လုပ်ပြီး နာကျင်စွာ ကျွန်တော် အော်ဟစ် ရယ်မောတယ်။ ပြီးမှ ကျွန်တော် နောင်တ ရတယ်။ ကျွန်တော် ချစ်တဲ့သူကို ဘာကြောင့် နာကျင်အောင် လုပ်ရတာလဲ။”

ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်းထုတ်တယ်။ အကြိမ်ကြိမ် သတိကပ်ဖို့ ကြိုးစားတယ်။ ရံဖန်ရံခါ တရား နာတယ်၊ တရားထိုင်တယ်။ စိတ်ငြိမ်အောင် ပြန်လုပ်တယ်။ နောက်တော့ ကျွန်တော် စိတ်ကျရောဂါ ခံစားနေရတာ သတိထားမိတယ်။ စိတ်ကျန်းမာရေးက ပေါ့ဆလို့ မရဘူး။ ကျွန်တော် နှစ်သိမ့်ဆွေးနွေးမှု (Counselling) ခံယူတယ်။ အဖြေရှာတယ်။ ကျွန်တော့် လက်တွဲဖော်မှာလည်း သူ့ နဂို ရှိရင်းစွဲ စိတ်ဒဏ်ရာတွေနဲ့ ကျွန်တော့်ကြောင့် ရတဲ့ စိတ်ဒဏ်ရာတွေကို နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီး ကုသနေရတယ်။ ကျွန်တော်က သူ့ကို တောင်းပန်တယ်။ ဒီအရာတွေက တကယ် မဖြစ်သင့်ဘူး၊ တကယ် မလုပ်သင့်ဘူးဆိုတာ ကျွန်တော် သိတယ်။

အခု ကျွန်တော် ဆင်ခြင်နေပြီ။ ဒေါသတွေ ထွက်လာရင် အရင်လို ပစ္စည်းတွေ မဖောက်ခွဲတော့ဘူး။ ကျွန်တော် ချစ်တဲ့သူကို မနာကျင်စေတော့ဘူး။ ဒီလို ဒေါသထွက်လာရတဲ့ အကြောင်းရင်းကို ပြန်ရှာဖွေတယ်။ တည်ငြိမ်အောင် လုပ်တယ်။ မှားခဲ့မိတဲ့ အမှားတွေအတွက်လည်း ကျွန်တော် တာဝန်ရှိရှိ ပြန်တောင်းပန်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ခွင့်လွှတ်တယ်။ သူ့ဆီကလည်း ခွင့်လွှတ်မှုကို ကျွန်တော် ခံယူတယ်။ ကျွန်တော့်ကြောင့် ကျကွဲသွားတဲ့ ဒေါသအိုးကို ကျွန်တော် ကိုယ်တိုင်ပဲ အချစ်တွေနဲ့ ပြန်ဖာထေးတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ရှာတွေ့နေပြီ။ အခုဆိုရင် ကင်မရာကိုင်ပြီး အလုပ် မလုပ်ရရင် မနေနိုင်တဲ့ ကျွန်တော်က သူ့အတွက် မှတ်တမ်းပုံ လှလှလေးတွေ ရိုက်ပြီး ချော့တတ်နေပြီ။ ကျွန်တော် တတ်တဲ့ ပညာရပ်နဲ့ အခြား လူငယ်တွေကို မျှဝေပေးပြီး ပတ်ဝန်းကျင်ကို အထောက်အကူ ပြုပေးနေပြီ။ ကျွန်တော့် စိတ်ဒဏ်ရာတွေကိုလည်း ကျွန်တော် ကုသနေပြီ။ ရုတ်တရက် ထွက်လာတဲ့ ဒေါသတွေကိုလည်း ကျွန်တော် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီ... ။ ။


ကျမတို့ဟာ ရုတ်တရက် ပြောင်းလဲမှုတွေကို ရင်ဆိုင်ရတဲ့အခါမှာ ကိုယ်တိုင် မထင်မှတ်ထားတတ်တဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေမှာ ငယ်ဘဝက စိတ်ဒဏ်ရာတွေကလဲ လွမ်းမိုးလေ့ ရှိပါတယ်။ ဒီနေရာမှာ အဖြစ်အပျက်တွေ ကြုံနေရလို့ဆိုပြီး ကိုယ်ကြုံနေရတာတွေကို တခြားသူအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်တာကတော့ မှန်ကန်တဲ့ တုံ့ပြန်မှု (သို့မဟုတ်) စိတ်ထွက်ပေါက်တော့ မဟုတ်ပါဘူး။

ဒီဇာတ်လမ်းမှာ ပြုလုပ်သူက ကိုယ်မှားတာကို သိပြီး ပြင်ဖို့ ကြိုးစားတယ်ဆိုတာ အလွန် ကောင်းမွန်တဲ့ အချက်ဘဲ ဖြစ်ပါတယ်။ လူတွေက မိမိကိုယ်ကို ပြောင်းလဲဖို့ ခက်ခဲလေ့ ရှိပါတယ်။ ကိုယ်တိုင်စိတ်ပါမှသာ လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ မိမိရဲ့ ခံစားချက်တွေကို သိရှိပြီး ပြုပြင်ပြောင်းလဲဖို့အတွက် နှစ်သိမ့်ဆွေးနွေးမှု (Counselling) ခံယူတယ်ဆိုတာ အလွန်ချီးကျူးစရာ ကောင်းပါတယ်။ သူတို့ ဇနီးမောင်နှံနှစ်ယောက် ဘာတွေ လိုအပ်နေလဲဆိုတာကို လေ့လာပြီး လက်တွဲဖော်နဲ့ အဆင်ပြေအောင် ကြိုးစားတယ်ဆိုတာကလဲ လူနှစ်ယောက်ကြား ဆက်ဆံရေးတွေမှာ လိုအပ်တဲ့ အရာတစ်ခုဘဲ ဖြစ်ပါတယ်။

လူတွေဖြစ်တဲ့အလျောက် ဘဝမှာ အမှားတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ အမှားတွေကို တကယ် လက်တွေ့မှာ ရင်ဆိုင်ပြီး ပြုပြင်ဖို့ဆိုတာ ခွန်အားတွေ၊ အချိန်တွေ၊ နာကျင်မှုတွေ အများကြီး လိုပါတယ်။ ဒါပေမယ့် ကိုယ်မှားတဲ့ အမှားတွေဆီကနေ ထွက်မပြေးဘဲ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် ပြုပြင်မှသာ တစ်ယောက်နဲ့ တစ်ယောက်ဖေးမပြီး နေပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေး ဖြစ်လာမှာဘဲ ဖြစ်ပါတယ်။