ဖော့တုံးဘိုဖြူ

ကျွန်တော့်ကို တချို့ ဘော်ဒါတွေက “ဘိုဖြူ ဘိုဖြူ”နဲ့ ခေါ်ကြတယ်။ ကျွန်တော်က မကြိုက်ဘူး၊ အဲဒီလို အခေါခံရတာကို။ သူတို့ကတော့ ကျွန်တော့် သွေးနှောအသားအရည် ဖြူဖြူကြောင့် တမင် စချင်နောက်ချင်လို့ ဖြစ်ရင်ဖြစ်မယ်။ ပြီးတော့ တတိယနိုင်ငံလို့ လူတွေခေါ်ကြတဲ့ဆီ ကျွန်တော် ရောက်နေ၊ နေထိုင်နေတာဆိုတော့ နိုင်ငံခြားသားပုံစံပေါက်နေပြီ ဘိုဖြစ်သွားပြီဆိုပြီး လိုက်စကြရင်း ကျွန်တော်မကြိုက်မှန်းသိလို့ တမင်လိုက်လိုက် ခေါ်ကြတာ။ ကျွန်တော့်အတွက်တော့ ကောင်းသော ရည်ရွယ်ချက်၊ ကောင်းသောစိတ်ထားနဲ့ ခေါ်တာ မဟုတ်ဘူးလို့ပဲ ခံစားရတယ်။

ကျွန်တော်က ဒီနိုင်ငံမှာ အလုပ်အကိုင်ဝင်ငွေလည်းရှိပြီး ဘေးကင်းရာရောက်နေတော့ သူတို့က ကျွန်တော် သိပ်ကောင်းစား၊ သိပ်ချမ်းသာ၊ သိပ်ပျော်ရွှင်နေတယ်ပဲ ထင်ကြမှာ။ “အေးပေါ့ကွာ မင်းက ဘိုဖြူဆိုတော့ ဘယ်သိမလဲ”လို့ ပြောရင် ကျွန်တော် အတော်လေး​ဝမ်းနည်းတယ်။ ကျွန်တော်က မြန်မာပဲ။ ကိုယ့်နိုင်ငံအတွက် သတင်းတွေ လုပ်နေတဲ့လူပဲ။ အခြေအနေအရ ဒီနေရာမှာ ကျွန်တော်နေရတာနဲ့ပဲ သူတို့က အဲလို ခနဲ့ခွင့် ရသွားကြတာလား။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာနေရသလိုတော့ မီးမရ အင်တာနက်မရ ဘဏ်စနစ်မကောင်းနဲ့ လုံခြုံရေးစိုးရိမ်ပြီး တထိတ်ထိတ် မနေရဘူးပေါ့။ ဒါပေမယ့် ကျွန်တော့်မှာလည်း ကျွန်တော့် စိတ်ဒုက္ခ၊ လူဒုက္ခ အတိုင်းအတာတစ်ခုတော့ရှိတာပဲလေ။ ပြည်တွင်းကလူတွေ နယ်စပ်ကလူတွေ ကျွန်တော့်ထက် အများကြီး ဒုက္ခရောက်နေကြရတာသိလို့ ကျွန်တော့်ဒုက္ခတွေကို ဘယ်တော့မှတောင် ထုတ်မညည်းခဲ့ဘူး။ ဒါပေမယ့် ထုတ်မပြောဘဲနေတာက ဘေးလူတွေ အမြင်မှာ ဘာဒုက္ခ အခက်အခဲမှ မရှိတဲ့လူလို့ မြင်သွားစေတာလားတော့ မပြောတတ်ဘူး။

မိသားစုကို ထားခဲ့ပြီး ဒီကိုလာရတော့ ကျွန်တော့်မိန်းမက သူ့မိဘအိမ်ကို ပြန်သွားတယ်။ ကျွန်တော် ဒီဘက် ရောက်ပြီးနောက် ကျွန်တော့်မိဘအိမ်ကို စစ်သားတွေ​လာ မွှေနှောက်တာတွေ ပစ္စည်းတွေသိမ်းတာတွေလည်း လုပ်တယ်။ ကျွန်တော့်မိဘတွေလည်း ကောင်းကောင်းမနေရပါဘူး။ အမျိုးတွေရှိတဲ့မြို့ကို ပြောင်းနေရတာပဲ။ ကျွန်တော်က မိဘတွေကိုရော၊ မိန်းမကိုရော စိတ်ပူပေမယ့် ဘာမှလုပ်ပေးနိုင်တဲ့ အခြေအနေမဟုတ်ဘူး။ တစ်ပတ်မှာ တစ်ခါလောက် အိပ်ရေးဝဝ အိပ်ပြီးနိုးလာရင်တောင် “ငါကတော့ ဒီလိုအိပ်ပျော်နိုင်တယ်၊ ငါ့မိဘနဲ့ ငါ့မိန်းမက အိပ်ရရဲ့လား၊ ငါ့သူငယ်ချင်းတွေ တောထဲမှာ ဘယ်လိုနေထိုင်နေကြမလဲ”ဆိုပြီး တွေးရင်း အိပ်ပျော်မိတဲ့ ကိုယ့်ဘာသာ မုန်းတယ်ဗျ။

ကျွန်တော် အစားအသောက်တွေလည်း စားချင်စိတ်မရှိတော့ဘူး။ “ငါကတော့စားနေရတယ် သူတို့ကတော့…..” လို့ တွေးတိုင်း မျိုမကျဘူး။ မစားရင် နေမကောင်းဖြစ်ရင် အလုပ်မလုပ်နိုင်တော့ဘူး စားရမယ်လို့ ကိုယ့်ဘာသာ တိုက်တွန်းနေပေမယ့် သိပ်တော့ မအောင်မြင်ပါဘူး။ အလုပ်မလုပ်ရင် ဝင်ငွေမရှိတော့ဘူး၊ ဝင်ငွေမရှိရင် ကျွန်တော်ကူပေးနေတဲ့ တချို့လူတွေပါ ဒုက္ခရောက်တော့မှာပဲလို့ တွေးမှ နည်းနည်း နေလို့ရပြီး အလုပ်ပြန်လုပ်ဖို့ စိတ်ကို စုစည်းနိုင်တယ်။ ဒါပေမယ့် အဲ့လို ခပ်ယဲ့ယဲ့ ကိုယ့်ဘာသာအားပေးနည်းကလည်း ကြာရှည်တော့ မခံဘူး။

သတင်းတွေ တည်းဖြတ်ပေးရင်း အချက်အလက်မှန်/မမှန် အတည်ပြုဖို့လိုတော့ ပုံတွေ ဗီဒီယိုတွေလည်း စေ့စေ့ စပ်စပ် ကြည့်ရတယ်။ မမြင်ချင်၊ မကြည့်ချင်ပေမယ့် တာဝန်အရကြည့်နေရတိုင်း ငါ့တူ ငါ့ညီအရွယ် ကလေးတွေ သေနေကြချိန် ငါကဒီမှာအဲကွန်းခန်းထဲအစာဝဝလင်လင်စားရင်း ဘာလုပ်နေတာလဲလို့တွေးရင်း ရူးချင်လာတယ်။ 

သူငယ်ချင်းတွေ​အသိတွေ ထောင်ကျတာ၊ သေတာတွေ​ သတင်းကြားတိုင်း ဝမ်းနည်းတယ် ပြီးတော့ ဘာကို မှန်းမသိ ဒေါသတွေလည်း ထွက်တယ်။ စိတ်ကို မနည်းထိန်းပြီး ငြိမ်အောင်ထားရင်း ပုံမှန်အလုပ်ပြန်လုပ်ဖို့ ကြိုးစားရတယ်။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုက မပြီးသေးဘူး နောက်ထပ်သတင်းဆိုးတွေ ထပ်ကြားရ၊ မြင်ရပြန်တော့ ကျွန်တော်က ကူးရင်းကူးရင်း ရေနစ်နေသလိုကြီးပဲ။ မောလှပြီဗျာ။ 

ကျွန်တော် နဂိုကမှ စကားနည်းရတဲ့အထဲ အခုဆိုရင် ပိုပြီးတောင် စကားမပြောဖြစ်တော့ဘူး။ ကျွန်တော့် စိတ်ထဲ ရှိတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ကျွန်တော့်မိန်းမကလည်း သူ့ဘာသာသူတောင် မနည်းရပ်တည်နေရတာ၊ သူ့ကို ကျွန်တော့်အပူတွေ မပေးချင် တော့ဘူး။ သူငယ်ချင်းတွေလည်း အတူတူပဲ။ အားလုံး အပူကိုယ်စီဖြစ်နေတာ ငါ့ကျမှ ထူးပြီး ပြောနေရင် သူတို့ စိတ်ရှုပ်တာပဲ အဖတ်တင်မယ်လို့ ထင်လို့ ပြောမနေတော့ဘူး။ မြန်မာမဟုတ်တဲ့ အသိတစ်ချို့တွေ ကျပြန် တော့လည်း “ငါပြောရင် သူနားလည်မယ်မထင်ဘူး သူတို့မှ ဒီစိတ်ဒုက္ခတွေကို မခံစားဖူးတာ”လို့ တွေးရင်း မပြောပြဖြစ်ဘူး။ 

ကျွန်တော့်ဘာသာ ထင်တာတော့ ကျွန်တော်က ရေမြုပ်နေတဲ့ ဖော့တုံးလိုပဲ။ စိတ်ထဲမှာ အဆင်မပြေတာတွေ များလာလေလေ လေးပြီး မြုပ်လေလေပဲ။ ညှစ်ထုတ်လိုက်တဲ့ ခဏတော့ ရေပေါ် ပေါ်တယ် နောက်တော့လည်း မြုပ်တာပဲ။


ကျမတို့ဟာ ကိုယ်စိတ်ပါသလောက် လို မစွမ်းဆောင်နိုင်တဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့ ခံစားချက်မျိုး ဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ အခြေအနေနဲ့ တခြားသူတွေရဲ့ အခြေအနေကို နှိုင်းယှဉ်ပြီးတော့ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်မိတတ်ကြပါတယ်။ အာဏာသိမ်းကာလမှာ တရားမျှတတဲ့ဘက်က ရပ်တည်တဲ့သူအများစုက ကြုံတွေ့နေရတဲ့ မတရားမှုတွေကို မခံမရပ်နိုင်ဖြစ်ပြီး မိမိကိုယ်ကို အပြစ်တင်မိကြလေ့ ရှိပါတယ်။ ဒီလို ကြုံတွေ့လာတဲ့အခါမျိုးမှာဆိုရင် လက်ရှိဖြစ်ပျက်နေတဲ့ အရှိတရားတွေကို တွေးကြည့်သင့်ပါတယ်။ ပြီးတော့ မိမိ ကိုယ်တိုင် ဒီအရေးတော်ပုံအတွက် ဘာတွေကူညီနိုင်လဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားသင့်ပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို တွေးပူနေမယ်ဆိုရင် မိမိကူညီနိုင်တဲ့ အခန်းကဏ္ဍတွေကိုပါ မကူညီနိုင်တော့ဘဲ စိတ်ဓာတ်ကျတာတွေဘဲ ဖြစ်ပြီး အပြစ်တင်စိတ်တွေနဲ့ဘဲ နစ်မွန်းနေမှာ ဖြစ်ပါတယ်။

လူတယောက်နဲ့ တယောက်က အခြေအနေတွေ ဖြတ်သန်းပုံတွေ မတူသလို စိတ်ခံနိုင်ရည်ချင်းလဲ မတူပါဘူး။ ဒါကြောင့် မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်ယုံကြည်ရတဲ့သူတွေ၊ ချစ်ရတဲ့သူတွေကိုလဲ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေကိုလဲ ဖွင့်ပြော အကူအညီတောင်းသင့်ပါတယ်။ ဒီလိုမျိုးမပြောချင်တဲ့အခါမျိုးမှာဆိုရင်လဲ အတိုင်ပင်ခံ စိတ်ပညာရှင်တွေ (ကောင်ဆယ်လာ) နဲ့ တိုင်ပင် ပြောဆိုသင့်ပါတယ်။ သူတို့တွေဟာ အတွေ့အကြုံရှိ နားလည်တတ်ကျွမ်းတဲ့သူတွေဖြစ်တဲ့အတွက် သင်ကြုံတွေ့နေရတာတွေကို ဝေဖန်ပြောဆို ခြင်း မပြုလုပ်ဘဲ နားထောင် ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အခက်အခဲဖြစ်လို့ အကူအညီတောင်းတယ် ဆိုတာ ရှက်စရာမဟုတ်ပါဘူးနော်။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ တွေ့ဆုံခြင်း၊ စိတ်ကို ကြည်လင်အေးချမ်းစေတဲ့ အလေ့အကျင့်လေးတွေလုပ်ရင်း တဖြည်းဖြည်း မိမိ စိတ်လေးကျန်းမာလာမှ ဒီအရေးတော်ပုံအတွက်လဲ ကျရာနေရာမှ တာဝန်ထမ်းနိုင်မှာ ဖြစ်ပါတယ်။