ချီတာ

 
 

ချီတာဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ ချင်းမိုင်ရဲ့ မြောက်ဘက်ပိုင်း ရွာသေးသေးလေးမှာ အဘိုးအဘွားရယ်၊ အဖေရယ်၊ မောင်လေးရယ်နဲ့အတူ နေပါတယ်။ ချီတာ ငယ်ငယ်လေးမှာပဲ သူ့အမေနဲ့ အဖေ လမ်းခွဲခဲ့ကြတယ်။ ချီတာရဲ့ မောင်လေးက မွေးခါစပဲ ရှိသေးတယ်။

သူတို့ မိသားစုလေးက အိမ်ဆိုင်လေး သေးသေးလေး ဖွင့်ထားတယ်။ မိသားစုတစ်စုလုံးကို အဘွားကပဲ ဦးဆောင်တယ်။ အဖေကတော့ အလုပ်လက်မဲ့ပဲ။ ဘာမှ အသုံးမကျတဲ့အပြင် တစ်ခုခုဆိုလည်း ဒေါသပုန်က ထတတ်သေးတယ်။ အဘိုးနဲ့အဘွားကပဲ ငယ်ငယ်ကတည်းက သူတို့ကို ထိန်းကျောင်းလာခဲ့ရတယ်။ ငယ်ငယ်တုန်းကတော့ အဆင်ပြေပါသေးတယ်။ နောက်ကျတော့ မောင်လေးလည်း မွေးလာပြီးရော အဖေနဲ့ အမေနဲ့လည်း ကွဲရောပဲ။ မောင်လေးကို ထိန်းဖို့ကျတာတော့လည်း အသက် ၆ နှစ်ပဲ ရှိသေးတဲ့ ချီတာလေးရဲ့ တာ၀န်ပဲ ဖြစ်လာခဲ့တယ်။ အဖေလုပ်သူက တချိန်လုံး အရက်ပဲ မူးနေတာ။ ချီတာလေးဟာ တခြားကလေးတွေလို ကစားဖို့ ပျော်ဖို့ အချိန်မရှိခဲ့ပါဘူး။

အဘိုးနဲ့အဘွားက အသက်ကြီးကာမှ အိမ်အတွက်လည်းလုပ်ရ၊ မိသားစုကိုလည်း စောင့်ရှောက်ရပါတယ်။ အဖေဖြစ်သူက မောင်လေးငိုရင်လည်း ဒေါသထွက်ပြီး ကလေးကိုလည်း တချက်ကလေးမှ ဂရုမစိုက်ပါဘူး။ ချီတာ့ကိုပဲ ကိစ္စသေးသေးလေးကအစ ဆူပူတော့တာပဲ။ သမီးဖြစ်သူကို မချစ်တော့သလိုပါ ခံစားလာရတယ်။ တစ်ခါကျတော့ မောင်လေးက ပြေးလွှားကစားရင်းကနေ သူ့ဘာသာ ချော်ကျတယ်။ နဖူးမှာ ဒဏ်ရာသေးသေးရသွားတယ်။ သူ့အဖေက အရမ်းကို စိတ်ဆိုးပြီး သူ့ကို အိမ်ပေါ်ကနေ နှင်ချရော။ အဘိုးနဲ့အဘွားကလည်း ဘာမှ မကူညီနိုင်ခဲ့ဘူး။ သူ့အဖေက သူတို့ကိုပါ ဒေါသပိုထွက်လာမှာကို စိုးရိမ်ကြတယ်။ အဘွားက ချီတာ့ရဲ့ အဖေ့ကို အသားကုန် အလိုလိုက် အကြိုက်ဆောင်ထားတာလည်း ပါတာပေါ့။

နောက်နေ့မှာ သူ့ရဲ့ မွေးစား အစ်မကနေ ချီတာလေးကို သူနဲ့ နေဖို့ ခေါ်သွားတယ်။ ၂ ပတ်/၃ ပတ်ပဲ ရှိသေးတယ်။ သူ့အဖေက ကလေးထိန်းဖို့ ဆိုပြီး ချီတာ့ကို ပြန်ခေါ်တယ်။ ချီတာကလည်း ကျောင်းပြန်တက်ဖို့ လိုတာရောနဲ့ သူ့အဖေနဲ့အတူ စိတ်ညစ်စရာ ကောင်းတဲ့ အိမ်ကို ပြန်လိုက်လာရတယ်။ ကျောင်းတက်တာမှ ၃ ရက်ပဲ ရှိသေးတယ်။ ကိုဗစ်ကြောင့်ဆိုပြီးမှ ကျောင်းတွေ ပိတ်လိုက်တော့ အိမ်မှာပဲ ပြန် ပိတ်မိသွားပြန်ရော။

ချီတာလေး စဥ်းစားတာကတော့ ကျောင်းပြန်ဖွင့်ခဲ့ရင် အနည်းဆုံး အိမ်မှာ အသုံးမကျတဲ့ အဖေနဲ့အတူ ၂၄ နာရီ အပြည့်မနေရတော့ဘူးပေါ့။ သူလည်း တခြား ကလေးတွေလို ပျော်ချင်တာပေါ့။


ချီတာလိုမျိုး ကလေးဘဝထဲက စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ခဲ့နေရတဲ့ ကလေးတွေ ဘယ်လောက်များလိုက်မလဲ? စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာကော ဒီလိုကလေးတွေ တွေ့ဖြစ်ကြလား? လမ်းဘေးမှာ ကလေးသေးသေးလေးတွေကို ထိန်းရင်း ဈေးရောင်းနေရတဲ့ ကလေးတွေ၊ အကြမ်းပတမ်း အရိုက်ခံနေရတဲ့ ကလေးတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာမသင်ရဘဲ အိမ်အတွက် စီးပွားကူရှာပေးနေရတဲ့ ကလေးတွေ၊ မိဘတွေရဲ့ အဆင်မပြေတာတွေ ရန်ဖြစ်တာတွေကို ကြည့်ပြီး စိတ်ဒဏ်ရာရနေရတဲ့ ကလေးတွေ စသဖြင့်ပေါ့ …။ ချီတာလိုမျိုး အိမ်တွင်းအကြမ်းဖက်မှုတွေကနေ ကြီးပြင်းလာခဲ့ရတဲ့ ကလေးငယ်တွေက စိတ်ဒဏ်ရာများကို သူရဲ့ ကြီးပြင်းလာတဲ့ ဘဝအလျှောက် ခံစားရမှာဖြစ်ပြီး လူတွေကို ကြောက်ရွံတာတွေ၊ မယုံကြည်ရဲတော့တာတွေ စသဖြင့် ပုံစံအမျိုးမျိုး ဖြစ်တတ်ပါတယ်။ အဖေ၊ အမေတွေကလည်း လူဖြစ်တဲ့အလျှောက် ကိုယ်ပိုင် စိတ်ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ စိတ်ဒဏ်ရာတွေကို တခြားသူအပေါ် မပုံချဘဲ စိတ်ဖိစီးမှုတွေကို ကောင်းမွန်မှန်ကန်နဲ့ နည်းလမ်းတွေနဲ့ ကုစားသင့်ပါတယ်။ အဲ့ဒီလိုမျိုး နည်းလမ်းမှန်မှန်နဲ့ မကုစားပါက မိမိရဲ့ ကလေးတွေကို မိဘတွေကြောင့် စိတ်ဒဏ်ရာအများကြီး ရရှိစေနိုင်ပါတယ်။ ထို့အပြင် စိတ်ဒဏ်ရာခံစားနေသူများအတွက် စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နည်းလမ်းတွေက အမျိုးမျိုးရှိပါတယ်။ အခကြေးငွေပေးရသော ဝန်ဆောင်မှုများ ရှိသလို၊ အခမဲ့ ကူညီပေးနေတဲ့ နားလည်တတ်ကျွမ်းသည့်ပညာရှင်များနှင့် တွေ့ဆုံကာ ကုသနိုင်ပါတယ်။ နားလည်တတ်ကျွမ်းသူပညာရှင်များရဲ့ အကူအညီကို လက်တလော မရရှိနိုင်ပါကလည်း တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ မိမိအတွက် အချိန်ပေးခြင်း၊ မိမိစိတ်ပါဝင်စားတာတွေ ပြုလုပ်ခြင်းတို့ကလည်း ထိုစိတ်ဒဏ်ရာများ သက်သာလာစေရန် တစ်နည်းတစ်လမ်းကနေ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ လူတိုင်းမှာ ကောင်းခြင်း၊ ဆိုးခြင်းစတဲ့ စိတ်ခံစားချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် မိမိရဲ့ ခံစားချက်ကြောင့် တခြားသူကို စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ အနိုင်ကျင့် နှိပ်စက်လို့ မရပါဘူး။