အဒေါ်နန်း

 
 

အဒေါ်က လင်းခေးကလေ။

အဒေါ်တို့ ၁၇ နှစ်သမီးအရွယ်ကတည်းက ဒီထိုင်းဘက် ရောက်တာပဲ။

ယောကျာ်းရပြီးတော့ အလုပ်လုပ်မယ်ဆိုပြီး ထွက်လာတာ။

ဒီရောက်တော့ သူ့သူငယ်ချင်း တရုတ်ပဲ ဗမာလို နည်းနည်းပါးပါးတတ်တယ်။ သူက အဒေါ်ယောကျာ်းကို အရက်တိုက် ပေါင်းတာ။ ညညဆို အိမ်ကို လာတယ်၊ သူ့ကို အရက်တိုက်တယ်။ ဟိုကလည်း အရက် သောက်ရတယ်ဆိုပြီး အိမ်အမြဲခေါ်တာ။ အဒေါ်က သူ့သူငယ်ချင်းကို နဂိုထဲက အမြင်မကြည်ပါဘူး။ တစ်ညနေကျတော့ အဒေ့ါ်ယောကျာ်းကို မူးနေအောင် တိုက်တာ။ ဟိုက မူးလွန်းပြီး မှောက်သွားရော။ အဲ့ကျမှ အဒေ့ါ်ကို မုဒိန်းကျင့်တာ။ အဒေ့ါ်က အဲ့တုန်းကလည်း အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူတို့ အရက်သောက်နေတာ ဟိုဘက်ခန်းဆို၊ အဒေ့ါ်က ဒီဘက်ခန်းမှာ ရှိနေတာကို လာမုဒိန်းကျင့်တာ။ ဒါနဲ့ အဒေ့ါ်လည်း နင့်ငါ့ကို မုဒိန်းကျင့်ပြီး ဒီအတိုင်းတော့ မရဘူးဆိုပြီး ယူခိုင်းတယ်။ သူက ယူတော့ ယူပါတယ်၊ ပြီးတော့ မလုပ်ကျွေးဘူး၊ အဲဒီ့အပြင် သ၀န်ကလည်း တိုသေး။ အဒေါ်က အနှိပ်ပညာသေချာ သင်ထားတာ၊ ဒါနဲ့ လိုက်လုပ်စားတယ်ဆိုလည်း ဟိုက မရဘူး။  ရိုက်တာ နှက်တာကလည်း ရှိသေးတယ်။ အရပ်က ၀င်ဆွဲတောင် မရဘူး။ ပထမအိမ်ထောင်နဲ့ကလေးတွေကိုလည်း သူက အဆူအဆဲက ပါသေး။ တစ်ခေါက် သူ့ဆိုက်ကယ်ကို အဒေ့ါ်သား အကြီးလေးက ယူစီးတာ ပါးချည်း အရိုက်ခံရတော့တာပဲ။ ၀င်ဆွဲတဲ့ အဒေ့ါ်ကိုလည်း ရိုက်တာ။ ကွဲမယ် ကွာမယ်ဆိုလည်း သူက မရအောင် စုန်းကိုင်တာ။ မီးထွန်းတာတွေ လုပ်တယ်။ ဒီနားက ဘုန်းကြီးကျောင်းလေ၊ အဲ့ဒီ ဘုန်းကြီးကလည်း ဗမာပြည်က လာတာပဲ။ သူက အဲ့လို အိမ်ထောင်တွေ မကွဲရအောင် မီးထွန်းတာတွေ လုပ်ပေးတာ။ အဒေါ်က ထွက်သွားလည်း သူက အဲ့လိုတွေ မီးထွန်းတော့ အဒေ့ါ်က မနေနိုင်ဘူး။ ပြန်ပြန်သွားရတယ်။ အဲလိုတွေ ခဏခဏဖြစ်ပြီး နောက်ဆုံးကျတော့ သူလည်း နောက်မိန်းမယူတယ်။ လီဆူးမလေ၊ ခပ်နုံနုံပဲ။ သူက အနောက်ကျတော့ ဆိုက်ကယ် အက်ဆီးဒန့်ဖြစ်ပြီး မလှုပ်နိုင်တော့ဘူး၊ အခုထိတော့ အသက်ရှိသေးတယ်၊ ဟိုးဘက်က တရုတ်ရွာမှာ နေတယ်။ သူ့အက်ဆီးဒန့် သတင်းကြားတော့ အဒေါ်က ၀မ်းသာတယ်လည်း မဟုတ်ပါဘူး။ သူ့ကံပဲ မှတ်ပါတယ်။

အခုထိတော့ ကလေးတွေကို တစ်ယောက်တည်း မွေးလာတာပဲ။ ကြက်သွန်နှုတ်တယ်။ အနှိက်သည်လုပ်တယ်၊ အလုပ်အကုန်လိုက်လုပ်တာပဲ။ အခုတော့ ကလေးတွေလည်း ထိုင်းကဒ်ရကြတယ်။ ပညာလည်း ထိုက်သလောက်တော့ တတ်ပါရဲ့။ အဒေ့ါ်မြေးတွေတောင် ၈ နှစ်နဲ့ ၁ နှစ်ခွဲ ဖြစ်နေပြီ။ အခုလည်း အိမ်လေး ဆောက်နေတာ၊ နိုင်သလောက်ပေါ့။ ကလေးတွေလည်း အိမ်ထောင်တွေနဲ့ဆိုတော့ ကောင်းကောင်းလေးနေရမှ ဖြစ်မှာဆိုတော့လေ။ ပိုက်ဆံလေး စုမိလိုက် အိမ်လေး တစ်ဖြေးဖြေးထည့်လိုက်နဲ့ပေါ့။

အဒေါ်နန်း

ထိုင်းနိုင်ငံ မြောက်ပိုင်း

အခုဆိုရင် အသက် ၆၀ နားကပ်နေပြီဖြစ်တဲ့ အဒေါ်နန်းအနေနဲ့ တာ၀န်မယူနိုင်တဲ့ ယောကျာ်းနဲ့ နှိပ်စက်တဲ့ ယောကျာ်းတွေနဲ့ တွေ့ပြီး ဘ၀ကို ခက်ခက်ခဲခဲ ကျော်ြဖတ်ခဲ့ရပေမယ့် ကလေးတွေ တာ၀န်ကို အပြည့်အ၀ယူခဲ့ပြီး အခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပြီးမှ အိမ်လေးလည်း ဆောက်ပြီး ဘ၀ကို အကောင်းဆုံး နေထိုင်နေဆဲ ဖြစ်ပါတယ်။

ဘ၀ဇာတ်ကြောင်းကို မပန်းနီက ပြန်လည် ရေးသားထားတာြဖစ်ပြီး နန်းညီကဘာသာပြန်ကာ၊ အဒေါ်နန်းရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို အဒေါ်နန်း အခုနေထိုင်ရာ ဒေသက ငွေထည်ပညာရှင်ရဲ့ လက်စွပ်လေးနဲ့ အတူ Doh Zat ကနေ တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။


အဒေါ်နန်းရဲ့ အကြောင်းကို ကြားရတာ စိတ်မကောင်းလည်း ဖြစ်ရသလို ဒီလို နှိပ်စက်ခံခဲ့ရတဲ့ ဘဝကနေ ရုန်းထွက်နိုင်ခဲ့တာ အားတက်ဖွယ်လည်းကောင်းလှပါတယ်။ စာဖတ်သူတို့ ကျမတို့တွေရဲ့ ပတ်ဝန်းကျင်မှာဆိုရင်လဲ ဒီလိုအမျိုးသမီးများကို အများအပြား တွေ့ရမှာပါ။ ဒီလိုမျိုး အိမ်ထောင်ရေး အဆင်မပြေဖြစ်တဲ့အခါမှာ အိမ်ထောင်ကို သေချာမထိန်းသိမ်းနိုင်ဘူးဆိုပြီး အပြစ်တင်ရမှာ မဟုတ်ပါဘူး။ နှိပ်စက်နေတဲ့ အမျိုးသားကို အပြစ်တင်ရမှာ ဖြစ်ပါတယ်။  စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံ အမျိုးသမီးများဟာဆိုရင် ငွေရေးကြေးရေးအရဖြစ်စေ၊ တစ်ယောက်တည်းရပ်တည်ရန် ခက်ခဲခြင်းကြောင့်ဖြစ်စေ၊ မိသားစု/ ပတ်ဝန်းကျင်ဖိအားကြောင့် ဖြစ်စေ စသော အမျိုးမျိုးသော အကြောင်းရင်းတွေကြောင့် ရုန်းထွက်ရန် ခက်ခဲနေကြပါတယ်။ အမျိုးသမီးတွေအပေါ်မှာရှိနေတဲ့ ဖိအားတွေကို အစိုးရနှင့် ဥပဒေပြုသူတွေက သိအောင်ပြုလုပ်ပြီး ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အခက်အခဲတွေကြားမှ ရဲရင့်စွာ ရုန်းထွက်လာတဲ့ အမျိုးသမီးတွေကိုလည်း ပတ်ဝန်းကျင်က မနှိမ့်ချဘဲ ဝိုင်းဝန်းဖေးမရမှာ ဖြစ်ပါတယ်။