ကြယ်

 
 

ခွမ်း! အရာဝတ္တုတစ်ခုခုကို ပစ်ပေါက်လိုက်ပြီး ကျကွဲသွားသံကိုကြားလိုက်တယ်။ မြန်မြန်ရှောင်မှပဲ မဟုတ်ရင် အဲဒါက ငါ့ခေါင်းကိုလာထိတော့မှာ။ ထိပါစေတော့။ အမေ့ခေါင်းကို ထိမယ့်အစား ငါ့ခေါင်းကိုသာထိလိုက်စေချင်တယ်။ အဲ့ဒီအသံက အဖေ့ဆီကလေ။ အဖေက ဧည့်ခန်း ဆက်တီခုံမှာထိုင်ပြီး စားပွဲပေါ်က ခွက်ကို အမေ့ဆီကောက်ပေါက်လိုက်တဲ့အသံ။ ပြီးတော့ ငါတို့မောင်နှမတွေ ဆဲမိလို့ အမေရိုက်ပြီး ဆုံးမဖူးတဲ့ ကြိမ်လုံးနဲ့ပဲ အဖေက အမေ့ကို ရိုက်လိမ့်မယ်။ လူကြီးတွေ ဒေါသကို ဘယ်လိုပုံဖော်သလဲဆိုတာ အဲ့ဒီ့နည်းနဲ့ ငါသင်ကြားခဲ့ရတာပဲ။

နောက်ထပ် ၂ နှစ်လောက်အကြာ.. ငါ့အသက် ၁၆ မှာတော့ အိမ်ရဲ့ နောက်ဖေးဘက်ခြံထဲမှာ ငါအကျယ်ကြီးအော်ဆဲမိနေခဲ့တာကို မှတ်မိတယ်။ အရမ်းနာကျင်နေပြီး သစ္စာဖောက်ခံရတဲ့ ခံစားချက်တွေနဲ့လေ။ အဲ့ဒီနောက်မှာတော့ စာအုပ်တွေအများကြီးကို ငါစဖတ်တော့တာပဲ။ ငါ့စိတ်ကို အများကြီး တည်ငြိမ်အေးဆေးစေခဲ့ပြီးတော့ ပိုပြီးလည်း လူတွေကိုနားလည်လာတတ်စေခဲ့တဲ့ စိတ်ဝိဉာဉ်လမ်းညွှန်ရေးစာအုပ်တွေပါ ငါဖတ်ခဲ့တာ။ တစ်ခါတလေ ငါတွေးမိတယ်.. ဒေါသထွက်စေနိုင်တဲ့ စွမ်းရည်က ငါ့ဆီကနေများ အပြီးပျောက်သွားတာလားလို့လေ။

ကံမကောင်းစွာနဲ့ပဲ.. လွန်ခဲ့တဲ့ ၁၅ လလောက်မှာ အဲ့လူနဲ့တွေ့အပြီး ငါ့ရဲ့ အမှောင်ဘက်ခြမ်းတွေဟာ ပြန်ပြီးပေါ်လာတော့တာ။ သူကလေ ငါ့အဖေအတိုင်းပဲ.. စိတ်ပိုင်းဆိုင်ရာရော ပါးစပ်နဲ့ရော ရိုင်းစိုင်းအနိုင်ကျင့်တတ်တာတွေ။ စားသောက်ဆိုင်မှာ သူ့ကိုလေသံမာမာနဲ့ စကားပြောမိရုံနဲ့တင် ငါ့ကို လူရှေ့မရှောင် ဆဲဆိုတတ်သူ။ ငါ့ဖုန်းမှာ ငွေကြေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြည့်နေတုန်း သူကပါ လိုက်ချောင်းကြည့်တတ်လို့ အဲ့သလို ကိုယ်ရေးကိုယ်တာချိုးဖောက်တဲ့ အလုပ်တွေ မလုပ်သင့်ကြောင်း ငါပြောမိရင် ငါ့ကိုဆဲဆိုတတ်သူ။ သူနဲ့ လိင်ကိစ္စ မလုပ်ချင်ပါဘူးလို့ ငြင်းမိရင် ဆဲဆိုတတ်သူ။ ငါတို့ ပြတ်သွားပြီးတဲ့နောက်မှာတောင်မှ ငါ့ သူငယ်ချင်းယောက်ျားလေးတွေနဲ့ ဘားအတူ ထိုင်နေလို့ဆိုပြီး ဆဲဆိုတတ်သူ။ သူ့ကိုတော့ ဗုဒ္ဓဘုရားက လာကယ်ရင်တောင် အစွဲကျွတ်မယ့်သူမဟုတ်ဘူး။ “ဖာသည်မ.. အပျက်မ.. စောက်အလိမ်အညာ ဖောက်ပြန်နေတဲ့ကောင်မ” …. ငါ့ခေါင်းထဲမှာ အကုန်ရှုပ်ထွေး မှုန်ရီနေသလိုပဲ။ ငါဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ အမှုတွေကို ငါ့ကို စွပ်စွဲဆဲဆိုနေခဲ့တာ။ ပါးချပစ်လိုက်! ငါလုပ်ခဲ့တဲ့ ချက်ချင်းတုံ့ပြန်မှုက အဲ့သလို။ တကယ်လည်း သတိဝင်တဲ့အချိန်ဆို ငါ့လက်က သူ့မျက်နှာပေါ်ရိုက်မိနေပြီ။ ငါ့အိပ်ခန်းထဲ၊ သူ့ကားထဲ၊ သူ့အိပ်ခန်းထဲတွေမှာ အဲ့သလိုတွေ ခဏခဏဖြစ်တယ်။ ချက်ချင်းဆိုသလိုပဲ ငါ နောင်တရတတ်ပါတယ်။ အကြင်နာတရားနဲ့ စေတနာတရားကို ယုံကြည်သူငါက ဒေါသတကြီးနဲ့ အကြမ်းပတမ်းတုံ့ပြန်မိနေတတ်တာကို ငါ စိတ်မကောင်းဖြစ်ရတယ်။

ကိုယ့်သားသမီးတွေအပေါ် တာဝန်သိတတ်ပြီး ချစ်ခင်ယုယတတ်တဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ငါ့ရဲ့ အကြီးမားဆုံးသော အိပ်မက်ပဲ။ ငါ့ရဲ့သားသမီးတွေကို နွေးထွေးပြီး ချစ်ခြင်းတွေပြည့်ဝနေတဲ့ ငယ်ဘဝ အမှတ်တရတွေကိုပဲ ရစေချင်တယ်။ အမှတ်တရတွေထဲမှာ ငါလည်း တစိတ်တပိုင်း ပါဝင်နေစေချင်တယ်။ အခုတော့ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိဖို့ လမ်းကြောင်းပေါ်မှာ ငါရောက်နေပါပြီ။ တတ်ကျွမ်းနားလည်တဲ့ အတိုင်ပင်ခံတွေနဲ့လည်း စိတ်ပိုင်းဆိုင်ရာတွေ ကုသနေရင်း တစ်နေ့စီတစ်ရက်စီအတွက် ငါ့ရဲ့ အတွင်းစိတ်ကလေးကို သန့်ရှင်းစင်ကြယ်အောင်ထားပြီး နေထိုင်နေတယ်။ တစ်ခါတလေတော့လည်း ငါဘာလိုချင်လဲဆိုတာ ငါမသိဘူး။ တစ်ခုပဲသေချာတာက ငါဟာ ငါ့မိဘတွေရဲ့ ဆက်ဆံရေးမျိုးကို နောက်ထပ်လက်ဆင့်မကမ်းတော့ဘူး။


အိမ်တွင်းအကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည့် ကာယကံရှင်များနှင့် မျက်မြင်တွေ့ခဲ့ရသည့် ကလေးငယ်များအနေဖြင့် နောက်ဆက်တွဲ စိတ်ဒဏ်ရာများ ခံစားရလေ့ရှိပါတယ်။ ကြီးပြင်းလာတဲ့အခါမှာ အားငယ်စိတ်ဝင်တာ၊ တခြားသူရဲ့ ဂရုစိုက်မှုကို ပိုလိုချင်တာ၊ တခြားသူအပေါ်မှာ မှီခိုတတ်တာ၊ သီးခြား တယောက်တည်း နေတတ်တာ (သို့မဟုတ်) တခြားသူတွေနဲ့ ဆက်ဆံရေးမှာ ကိုယ်က ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတာ၊ စသဖြင့်ပေါ့။ ဒီစိတ်ဒဏ်ရာတွေကြောင့် ခံစားရတဲ့အရာတွေက မိမိကိုယ်ကိုအပါအ၀င်၊ မိမိချစ်ရတဲ့ တခြားသူတွေကိုပါ ထိခိုက်ခံစားရစေနိုင်ပါတယ်။ ကိုယ်က သတိမမူမိဘဲ မိမိချစ်ရတဲ့သူတွေကို နာကျင်အောင် လုပ်မိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။  ကိုယ်ထိလက်ရောက်လုပ်မှ နှိပ်စက်တာ၊ အနိုင်ကျင့်တာ မဟုတ်ပါဘူး။ ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ ကိုယ်ရေးကိုယ်တာများကို ဝင်စွက်ဖက်ခြင်းတို့ကလည်း စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေဘဲ ဖြစ်ပါတယ်။ မိဘများကလည်း မှန်ကန် ကျန်းမာတဲ့ အုပ်ထိန်းမှုများနှင့် သား၊ သမီးများကို မွေးမြူဖို့ လိုအပ်ပါတယ်။ “ငါမွေးထားလို့ လူ ဖြစ်လာတာပဲ၊ ငါ ပြောသမျှ ငြိမ်ခံရမယ်။ ငါ ပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့” ဆိုတာမျိုးက ကျန်းမာသော သား၊ သမီး ပျိုးထောင်မှု ပုံစံမဟုတ်ပါ။   ထိုအတွေ့အကြုံများကို ကြုံတွေ့ခဲ့သူများအနေဖြင့် မိမိ၏ စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့အချိန်အခါမှာ တတ်ကျွမ်းနားလည်တဲ့ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်တဲ့ (အခမဲ့) စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှုများလည်း ရှိနေပါပြီ။ ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားတတ်မြောက်ထားတဲ့ ပညာရှင်များဖြစ်တဲ့အတွက် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေ ပေါက်ကြားသွားမှာ၊ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု မရှိမှာ (သို့မဟုတ်) ရှက်ကြောက်တာတွေ ခံစားဖို့ မလိုပါဘူး။ ပညာရှင်များဟာ မိမိစိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေ၊ ကြုံတွေုနေရတဲ့ အကြောင်းအရာတွေကို ဝေဖန်ခြင်း မရှိဘဲ မိမိကိုယ်ကို အဖြေရှာနိုင်အောင် နားထောင်ပေးခြင်း အပါအ၀င် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်၊ ကျန်းမာစွာ နေထိုင်နိုင်စေရန် ကုသမှုတစ်လျှောက်မှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့် တိုင်ပင်ပြောဆိုနိုင်ပါတယ်။ ပြီးတော့ ဒီလိုမျိုး ဝန်ဆောင်မှုတွေ ရယူတယ်ဆိုတာကလဲ ရှက်စရာမဟုတ်ဘဲ မိမိကိုယ်ကို ပိုသိရှိနားလည်လာနိုင်ဖို့နဲ့ မိမိရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေကို စောင့်ရှောက်လာနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် စိတ်ကျန်းမာရေးဆိုတာ ရယ်စရာ၊ ရှက်စရာ ကိစ္စတစ်ခု မဟုတ်ဘဲ ပြောဆိုဆွေးနွေးသင့်တဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ လူတွေအကြား ပိုမို သိရှိလာပြီး စိတ်ပိုင်းဆိုင်ရာအရ ဆွေးနွေးနိုင်တဲ့ ငွေးကြေးဆိုင်ရာ မပူပန်ရတဲ့ အခမဲ့ ဝန်ဆောင်မှုများကလည်း တကယ်လိုအပ်နေသူများဆီသို့ ရောက်ရှိရန်လည်း တစ်ဦးတစ်ယောက်ခြင်းကနေ နားလည်းပြီးမှ ကောင်းသော ပြောင်းလဲမှုများအဖြစ် တာ၀န်ယူ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။