ဒို့ဇာတ်ကို ကိုယ်ထူကိုယ်ထ လုပ်အားပေး အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး အဖွဲ့ဝင် တစ်ဦးချင်းစီဟာ ဒို့ဇာတ်ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ယုံကြည်သက်ဝင်မှုကြောင့် အတူတကွ ကြိုးပန်းနေကြတာဖြစ်ပါတယ်။


Meet the Dohzat-ers

နန်းညီ - တည်ထောင်သူ/ဒါရိုက်တာ

နန်းညီဟာ ဒို့ဇာတ် ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး စာတည်းဖြတ်မှုဆိုင်ရာကဏ္ဌနဲ့ ဆက်ဆံပြန်ကြားရေးကဏ္ဌမှာ ဒါရိုက်တာအဖြစ် တာ၀န်ယူထားသူ ဖြစ်ပါတယ်။ ဆက်ဆံပြန်ကြားရေးဆိုင်ရာလုပ်ငန်းကို အထူးပြုလုပ်ကိုင်သူဖြစ်ပြီးတော့၊ အနုပညာနဲ့ စာရေးသားခြင်းများမှာလည်း ၁၀ နှစ်တာ အတွေ့အကြုံရှိသူဖြစ်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများနဲ့ နိုင်ငံတကာကုမ္ပဏီများမှာ အချိန်ပြည့်အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်တာကြောင့် ပြောဆိုဆက်သွယ်ရေး၊ ပွဲစီစဉ်ခြင်းများ၊ လုပ်ငန်းစီမံခန့်ခွဲခြင်းများကိုလည်း ကောင်းစွာလုပ်ကိုင်နိုင်သူဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရဖူးပြီး အောင်မြင်ဖြတ်သန်းခဲ့သူလည်း ဖြစ်တဲ့အတွက် လူမှုဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များဖြစ်တဲ့ လိင်လုပ်သားများ အခွင့်အရေး၊ လိင်အကြမ်းဖက်မှုများနဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုများ ဆန့်ကျင်ရေးဆိုင်ရာ ပညာပေးကိစ္စရပ်တွေမှာ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ လိင်စိတ်ခံယူမှုနှစ်မျိုးလုံးချစ်ခင်သူ (Bi-sexual) ဖြစ်တဲ့အတွက် LGBTQIA+ အသိုင်းအဝိုင်းမှာလည်း ပါဝင်သူဖြစ်ပြီး လူငယ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးများကိုလည်း စိတ်ပါဝင်စားသူပါ။ ကလေးငယ်များနဲ့ လူငယ်များအတွက် နည်းပညာတတ်ကျွမ်းနားလည်ရေး သင်တန်းများကို မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသများမှာ ပို့ချခဲ့ဖူးသူ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ပြီး ကိုယ်ပိုင်အမြင်ရှိသူ မိဘတစ်ဦးဖြစ်တဲ့အတွက် ကမ္ဘာကြီးနဲ့ လူသားများ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရရှိနိုင်ဖို့ လူငယ်များကို ကောင်းစွာ ပျိုးထောင်နိုင်ခြင်းကသာ အဓိကအကျဆုံးလို့ ယုံကြည်သူဖြစ်ပါတယ်။

မပန်းနီ - တည်ထောင်သူ/အတိုင်ပင်ခံ

မပန်းနီဟာ ဒို့ဇာတ် ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး စိတ်ကျန်းမာရေးအထောက်အပံ့ပေးခြင်းဆိုင်ရာကဏ္ဌမှာ အတိုင်ပင်ခံ တာ၀န်ယူထားသူ ဖြစ်ပါတယ်။ တန်းတူညီမျှမှုကို ယုံကြည်သူ ဖြစ်တဲ့အတွက် ဖီးမီးနစ်တစ်ဦးအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေသူပါ။ လိင်စိတ်တိမ်းညွတ်မှူ တစ်သတ်မှတ်ထဲ မရှိသူ (queer) အမျိုးသမီး ဖြစ်ပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းတွေမှာ စိတ်ကျန်းမာရေး၊ လူငယ်၊ အနုပညာ၊ ကျားမနှင့်အခြား တန်းတူညီမျှရေး၊ တာ၀န်သိသော စီးပွားလုပ်ငန်းများ၊ နိုင်ငံရေးဖလှယ်ခြင်းဆိုင်ရာ အရေးတွေမှာ ၉ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ မြန်မာစာနဲ့ ဘွဲ့ရထားခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းများရဲ့ အရေးပါမှုကို ယုံကြည်သူ တစ်ဦးပါ။ #iBleed ဆိုတဲ့ ရာသီသွေးအပေါ်မှာ ကန့်သတ်ခံထားခြင်းတွေအပေါ် မေးခွန်းထုတ် ကျယ်ကျယ်လောင်လောင်ဆွေးနွေးပြီး လူထုအကြား ပျံ့နှံ့စေဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အနုပညာရှင်၊ ဖန်တီးသူ၊ လူငယ်၊ အကြမ်းဖက်မှု ကျူးလွန်ခံနေရသူ/ လွတ်မြောက်လာခဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်စေရန် သင်တန်းများပေးခြင်းအတွက် နာရီ ၄၀၀ ကျော် လုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေအတွက် စတင်တတ်သူ၊ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ယုံကြည်တဲ့သူ ဖြစ်တဲ့အတွက် တစ်ကိုယ်ရည်မှာလည်း ပတ်၀န်းကျင်ကို စောင့်ရှောက်ဖို့ရာ အပင်များ အခြေခံ စားသုံးခြင်း၊ တာ၀န်ရှိ လုပ်ငန်းများမှ ထုတ်ကုန်များကိုသာ သုံးစွဲခြင်းကို ကျင့်သုံးသူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် University of Bradford မှာ စာသင်ကြားဖို့ရာ Rotary Peace Fellowship ဆုကို ရရှိထားပါတယ်။

ဇော် - ပေါ့ကတ်စ်အဖွဲ့ဝင်

ဇော်က ဒို့ဇာတ် စတင်တည်ထောင်ကတည်းက ဖန်တီးမှုအပိုင်းနဲ့ အသံတည်းဖြတ်မှုတွေမှာ ပါဝင်နေသူဖြစ်ပြီး ဒို့ဇာတ်ရဲ့ လုပ်ငန်းတွေနဲ့ အကျိုးဆက်တွေအပေါ် များစွာ အားထုတ်ကူညီနေသူလည်းဖြစ်ပါတယ်။

လိုတီ - စာတည်းအဖွဲ့ဝင်

လိုတီ ကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အခြေချသူဖြစ်ပီး လူငယ်နဲ့ ပြင်ပ ပညာရေးနယ်ပယ်မှာ အတွေ့ကြံရှိသူတစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူမဟာ မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ပုံငွေရှာဖွေရေးတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ သက်ရှိအားလုံးအတွက် ပိုမိုတရားမျှတတဲ့ အနာဂတ်ဆီသို့ဦးတည်လုပ်ဆောင်သော အသွင်ပြောင်း အခြေခံလူတန်းစားများရဲ့ အစပြုမှုများကို ပံ့ပိုးကူညီရန် စိတ်ဝင်စားသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးအခွင့်အရေးများ၊ ရာသီဥတု မျှတမှု၊ အလုပ်သမားအခွင့်အရေးနဲ့ queer လွတ်မြောက်ရေးတို့အတွက် စည်းရုံးရေးတွင် စိတ်အားထက်သန်သူဖြစ်ပါတယ်။  Lotty ကတော့ အနုပညာရှင်တစ်ဦးဖြစ်ပီး အနုပညာစွမ်းအားနဲ့ နာကျင်စရာ အတွေ့အကြုံများကို အသွင်ပြောင်းကာ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ဖို့ ယုံကြည်ပါတယ်။

ခါခါ - စာတည်းအဖွဲ့ဝင်

ခါခါ က သက်သူရွယ်တူများကို အကြံပေးသူတစ်ဦး ဖြစ်ပြီး ဇာတ်လမ်းတွေ၊ ပုံပြင်တွေ ပြောပြတတ်သူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ အင်္ဂလိပ်စာပေကို လေ့လာသင်ယူခဲ့ပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်နဲ့ ထိုးထွင်းသိမြင်မှုကို မီးမောင်းထိုးပြဖို့ ဇာတ်လမ်းတွေ ရေးပြီး ဘဝသင်ခန်းစာတွေ ပို့ချတာဟာ သူ့အလုပ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပါ။ လူသားတိုင်းရဲ့ဘဝဟာ လောကကြီးရဲ့ အနုပညာမှတ်တမ်း၊ မှတ်ကျောက်တွေလို့ နားလည်ထားသူတစ်ဦးပါ။ “ကျွန်တော်တို့ရဲ့ဘဝတွေဟာ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ပြဿနာတွေ၊ ရှုံးနိမ့်မှုတွေ၊အချစ်၊အမုန်း စတဲ့ အရောင်စုံလင်လှတဲ့ အခန်းကဏ္ဍတွေ အများကြီးပါဝင်တဲ့ စိန်ခေါ်မှုများနဲ့ ပြည့်နှက် နေတဲ့ခရီးလမ်းတွေပဲဖြစ်ပါတယ်”။ ဟီလာရီ၏ ကြီးမားသော စိတ်အားထက်သန်မှုကတော့ စိတ်ဒဏ်ရာရဖွယ်၊ စိတ်ဖိစီးဖွယ် ဆိုးရွားတဲ့ အတွေ့ကြုံတွေရှိခဲ့တဲ့ကျွန်တော်တို့ အသိုင်းဝိုင်းကလူတွေကို ဘယ်သူ့ကိုမှမ ပြောပြဖူးသော မှန်ကန်တဲ့ဇာတ်လမ်းတွေကို ထုတ်ဖော်ပြောပြပြီးသူတို့ရဲ့စိတ်ဒဏ်ရာကို ကုသပေးခြင်းပဲ ဖြစ်ပါတယ်။

အေး - စာတည်းအဖွဲ့ဝင်

အေးက ဖီးမီးနစ် တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်သော ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ချင်သူ တစ်ဦးဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ကျားမတန်းတူညီမျှမှုနှင့် တရားမျှတမှုများကို ပညာပေး မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးပညာကို သင်ယူခဲ့ပြီး ကျားမတန်းတူညီမျှမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်ရေး၊ ကလေးသူငယ် ကာကွယ်ရေးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေးစတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ၅ နှစ်ကျော်ကြာ အတွေ့အကြုံရှိပါတယ်။ အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှု၊ ပရောဂျက်စီမံခန့်ခွဲခြင်း၊ အစီရင်ခံစာရေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းများတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။
သူမသည် Girls Get Equal Campaign အတွက် ၂၀၁၉ ခုနှစ်တွင် တစ်ရက်တာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Feminism အမျိုးသမီးအခွင့်အရေးနှင့် ကျားမရေးရာတန်းတူညီမျှမှုများအတွက် ပညာပေး ဆောင်းပါးများ စာများ ရေးသားခဲ့ပြီး ဆုများလဲ ရရှိခဲ့ပါတယ်။ သူမက ကောင်းမွန်သော ပညာရေးနှင့် အသိပညာပေးမှုများကသာ မြန်မာနိုင်ငံရှိ ပြည်သူများအား ရှေးရိုးစွဲ အယူအဆများကို ဖယ်ကျဉ်ပြီး ကျားမရေးရာတန်းတူညီမျှမှု ရရှိနိုင်ရေး ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယခုလက်ရှိတွင် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ကုမ္ပဏီတွင် Gender Focal Point နှင့် Project Officer အနေဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အားလပ်ချိန်များတွင် ခရီးသွားခြင်းကို နှစ်သက်သူတစ်ဦး ဖြစ်ပါတယ်။

ရွှေ - ဆက်ဆံပြန်ကြားရေးအဖွဲ့ဝင်

‌ရွှေက မြန်မာနိုင်ငံက ကော်ပိုရိတ်လုပ်ငန်းတွေနဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတွေအတွက် ဆက်ဆံ ပြန်ကြားရေး အလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံ ၁၅ နှစ်ကျော် ရှိတဲ့သူပါ။ စာအရေးအသားကောင်းသူ တစ်ဦးအနေနဲ့ ပရိသတ်အမျိုးမျိုး စာဖတ်သူအမျိုးမျိုးအတွက် ရေးသားတဲ့နေရာမှာ ထူးချွန်သလို အင်တာနက် အသုံးပြုပြီးရော လက်တွေ့မှာပါ လှုပ်ရှားမှုတွေ စီစဉ်တာမျိုး အသိပညာပေးကမ်ပိန်းတွေ ပြုလုပ်တာမျိုးတွေမှာ လည်း ကျွမ်းကျင်ပါတယ်။ စာနယ်ဇင်းအတတ်ပညာ၊ လူထုဆက်ဆံရေး၊ ကော်ပိုရိတ်ဆက်ဆံပြန်ကြားရေးနဲ့ မဟာဗျူဟာကျ ဆက်ဆံပြန်ကြားရေးလုပ်ငန်းတွေမှာ အတွေ့အကြုံအများကြီးရှိခဲ့တာကြောင့် လူ့အဖွဲ့အစည်းအတွင်း ညီမျှမှုနဲ့ မတူကွဲပြားမှုတွေကို မြှင့်တင်တဲ့နေရာမှာ သူ့ရဲ့ အရည်အချင်းတွေကို အသုံးချရတာ နှစ်သက်သူဖြစ်ပါတယ်။

ဂျွန် - ဆက်ဆံပြန်ကြားရေးအဖွဲ့ဝင်

ဂျွန် က စင်ကာပူအခြေစိုက် မိုဘိုင်းလ်ဆော့ဖ်ဝဲရေးသားသူ တစ်ဦးဖြစ်ပြီး ဘဏ္ဍာရေးနည်းပညာနှင့် မီဒီယာလုပ်ငန်းများတွင် မိုဘိုင်းပလက်ဖောင်းအမျိုးမျိုးနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများကို လုပ်ကိုင်လျက် ရှိပါတယ်။ Jon က လူမှုပတ်ဝန်းကျင်နှင့် အနုပညာ စိတ်ဝင်စားသူများအတွက် လိုအပ်သည့် ဒစ်ဂျစ်တယ်လိုအပ်ချက်များနှင့် နည်းပညာဆိုင်ရာ အကြံဉာဏ်များ ပေးဆောင်ရန် စိတ်အားထက်သန်ပါတယ်။ Jon က ပုံပြင်များနဲ့ အနုပညာအပေါ်မှာ ယုံကြည်တာကြောင့် ယခု ဒို့ဇာတ် မှာ နည်းပညာဆိုင်ရာ ကိစ္စရပ်အားလုံးကို ကူညီပေးရင်း အဖွဲ့ရဲ့ လုပ်ဆောင်ချက်များမှာ တက်ကြွစွာ ပါဝင်လျက်ရှိတယ်။

စိုင်း - ဆက်ဆံပြန်ကြားရေးအဖွဲ့ဝင်

စိုင်းက လက်ရှိ Telecom Industrial တွင် ပရော်ဖက်ရှင်နယ် ကော်ပိုရိတ်ဆက်သွယ်ရေးမန်နေဂျာအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ ကော်ပိုရိတ်လုပ်ငန်းခွင်နှင့် စီးပွားရေးကဏ္ဍနှစ်ခုစလုံးတွင် လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဗျူဟာကို အကောင်အထည်ဖော်ရာမှာလည်း ခိုင်မာသောမှတ်တမ်းတစ်ခုရှိပြီး ခေတ်ရေစီးကြောင်းအသစ်များနှင့်အပြိုင် ရင်ဘောင်တန်းပြီး ဒစ်ဂျစ်တယ်ဆက်သွယ်ရေးဗျူဟာများကို ရေးဆွဲနိုင်သူဖြစ်ပါတယ်။ ဆက်သွယ်ရေးကျွမ်းကျင်သူတစ်ဦးအနေဖြင့် စိုင်းက လူအများနှင့် စိတ်အားထက်သန်စွာ ပြောဆိုဆက်ဆံခြင်း၊ မတူညီသော ဘဝအကြောင်းအရာများ ဇတ်လမ်းများကို နားထောင်ပေးပြီး ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဖန်တီးရန်အတွက် လိုအပ်သောဆက်သွယ်‌ရေးနဲ့ပံ့ပိုးမှုများကိုပေးနေသူဖြစ်ပါတယ်။

အိုင်ဗရီ - စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့ဝင်

အိုင်ဗရီဟာ လူမှုရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရထားပြီး နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို ၂၀၂၀ ခုနှစ်မှာ တက်ရောက်ပြီးမြောက်ခဲ့ပါတယ်။ အဖြစ်များတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများနဲ့ စိတ်ဖိစီးမှုများကို ဖော်ထုတ်ဖြေလျော့ပေးတဲ့ integrative ADAPT Therapy (IAT) ကုထုံးသင်တန်းကိုလည်း ပြီးမြောက်ထားသူဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးသူအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။ အွန်လိုင်းကနေတဆင့် ဆက်သွယ်တိုင်ပင်နိုင်ပြီး သင့်လျော်တဲ့ အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာစကားနဲ့ ပံ့ပိုးပေးနေပါတယ်။ ကုထုံးခံယူသူကို အဓိကထားတဲ့ စိတ်ပညာကုထုံးကို အသုံးပြုလေ့ရှိပြီး လာရောက်ဆွေးနွေးသူများကို နွေးထွေးပြီး ဝေဖန်မှုကင်းတဲ့ နေရာတစ်ခုကို ကမ်းလှမ်းပေးပါတယ်။ လူမျိုး၊ ဘာသာ၊ စွမ်းရည်၊ ကျား/မ လက္ခဏာကွဲပြားမှု မည်သို့ပင်ဖြစ်စေကာမူ အားလုံးအတွက် လေးစားမှုရှိတဲ့ ဆက်သွယ်ရေးနဲ့ ပြောဆိုဆက်သွယ်ပံ့ပိုးမှုများကို ပေးနေသူဖြစ်ပါတယ်။

ရှင်းရှင်း - စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့ဝင်

ရှင်းရှင်းက Art Teacher အနေနဲ့ private schools တွေမှာ ကိုးနှစ်ကျော်အထိ အလုပ်လုပ်ခဲ့ပါတယ်။ Content writer တစ်ယောက်အနေနဲ့လည်း How She Did It community က projects တွေမှာ စာတွေရေးနေပါတယ်။ HSDI's Psychosocial responders သင်တန်းဆင်း တစ်ယောက် ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်နေတဲ့ လူတွေရဲ့ အခက်အခဲကို ကူညီနားထောင်ပေးဖို့ Dohzat မှာ PSR တစ်ယောက် အနေနဲ့ ရှိနေပါတယ်။

သီဟ - စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့ဝင်

သီဟက Mental Health (စိတ်ကျန်းမာရေး) နဲ့ ပတ်သက်ပြီးတော့ Counselling Corner မှာ Basic Counselling Course ကို တက်ရောက်ထားပြီး လက်ရှိမှာ စိတ်ကျန်းမာရေးအတွက် ပံ့ပိုးမှုရယူဖို့ ဒို့ဇာတ်ဆီ ဆက်သွယ်လာသူများကို Professional Counsellor တွေနဲ့ ချိတ်ဆက်ကာ ကူညီပေးနေပါတယ်။ စာရေးဝါသနာပါသူ တယောက်ဖြစ်ပြီး Lifestyle (လူမှုဘဝအကြောင်းအရာ)တွေနဲ့ ခရီးသွားဆောင်းပါးတွေကို ရေးသားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကျားမရေးရာ ကိစ္စ၊ Gender Issue တွေနဲ့ LGBT (လိင်စိတ်ခံယူမှု ကွဲပြားသူတွေအကြောင်း) လည်း သတင်းဆောင်းပါးတွေ ရေးသား တည်းဖြတ်နေသူပါ။ စာနယ်ဇင်းနဲ့ သတင်းမီဒီယာ လုပ်ငန်းမှာ ၈ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပြီး လက်ရှိမှာလည်း စာရေးခြင်း၊ စာတည်းဖြတ်ခြင်းနဲ့ အခြား လူမှုကူညီရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေပါတယ်။ ခရီးသွားခြင်းကို နှစ်သက်ပြီး စာရေး၊ စာဖတ်ခြင်းကို ဝါသနာပါသူ တစ်ဦးပါ။