Doh Zat

View Original

ပုံပြင်ဟောင်းလေးပါပဲ

ကျွန်မငယ်စဉ်ကတည်းက body shaming လုပ်ခြင်းခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက body shaming ဆိုတဲ့စကားလုံးက အခုလို မတွင်ကျယ်သေးပါဘူး။ အဲ့အချိန်ကလူတွေကလည်း တစ်စုံတစ်ယောက်ကို body shaming မလုပ်သင့်ဘူးလို့ မသိခဲ့ကြသေးတာလည်း ပါမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ငယ်ဘဝကတော့ လူတွေရဲ့လက်လွတ်စပယ်ပြောခဲ့တဲ့ စကားလုံးတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ကျွန်မရဲ့ဆယ်ကျော်သက်အရွယ်နဲ့ လွန်ခဲ့တဲ့ နှစ်အစောပိုင်းတွေအထိကို ကိုယ့်ရုပ်ရည်သွင်ပြင်ကို ရှက်ရွံ့နေရင်းနဲ့ပဲ ကုန်ဆုံးခဲ့ပါတယ်။ 

ကျွန်မက အရိုးတုတ်တုတ်၊ မျက်နှာဝိုင်းဝိုင်းနဲ့ အရပ်ရှည်ရှည် မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကောက်ပြီးအသားလည်း ညိုပါတယ်။ ဆိုတော့ ကျွန်မက ကျွန်မရဲ့ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေနဲ့ လူကြီးတွေ သတ်မှတ်တဲ့အတိုင်းပဲ မိန်းကလေးဆန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်ခဲ့သလို အခုလည်း မဟုတ်ပါဘူး။ ကျွန်မဟာ မိန်းကလေးတယောက်ဟာ လူကောင်သေးမှ၊ ပိန်မှ၊ အသားဖြူမှ လှတယ်လို့ ထင်တဲ့ လူ့အသိုင်းဝိုင်းမှာ ဒီလိုပုံစံနဲ့ မွေးဖွားလာခဲ့ပါတယ်။

ကျွန်မငယ်ငယ်ကတည်းက သူတို့က ကျွန်မကို တွေ့လိုက်တာနဲ့ “ဝလိုက်တာနော” ဆိုတဲ့ စကားကိုပဲ အမြဲတမ်းလိုလို ပြောခဲ့ကြပါတယ်။ မြန်မာတွေရဲ့မီးထွန်းပွဲတော် (သီတင်းကျွတ်) ရက်တွေကတော့ ကြောက်ဖို့ အကောင်းဆုံး အချိန်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့အချိန်တုန်းက မြန်မာ့ဓလေ့အရ အငယ်တွေက လူကြီးသူမတွေအိမ်ကို သွားကန်တော့ရတဲ့ အစဉ်အလာ ရှိခဲ့လို့ပါ။ ပြီးတော့ သူတို့အိမ်ထဲဝင်တာနဲ့ တစ်ယောက်မကျန်  ကျွန်မကို “ဝလာတယ်နော်” လို့ ပြောမှာကို ကျွန်မသိနေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီဝေဖန်ချက်တွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ကျွန်မလူကောင်ကြီးမှန်း ကျွန်မသိပြီး ဝပြီး လူကောင်ကြီးတာဟာ ကွဲပြားနေမှန်း ကျွန်မသိပါတယ်။ ဒါပေမဲ့လည်း ကျွန်မက စကားပြောနည်းသူမို့ ပြန်မပြောနိုင်ခဲ့ပါဘူး။အဲ့ဒီဆိုးသွမ်းတဲ့ စကားတွေကိုပဲနားထောင်ပြီး ကိုယ့်ကိုယ်ရှက်ရွံ့နေခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ အခန်းထဲက ကောင်လေးတစ်ယောက်ကို သဘောကျမိပြီး အဲ့ဒါကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ တစ်ချိန်တုန်းက ကျွန်မသူ့ဘေးနားက လမ်းလျှောက်သွားတဲ့အချိန် သူ့သူငယ်ချင်းတွေက ကျွန်မနဲ့ စကြတဲ့အခါ သူက ”မလုပ်ပါနဲ့ … ဒီရုပ်ဆိုးမနဲ့တော့ မစပါနဲ့” လို့ ပြောတာကို ကျွန်မရုတ်တရက်ကြားလိုက်ရပါတယ်။ အဲ့အချိန်တည်းက ကျွန်မမှန်တွေဆိုမ ကြည့်ရဲတော့တာပါပဲ။ ကျွန်မရဲ့ပုံရိပ်ကိုတောင် ကျွန်မမုန်းတီးခဲ့ပါတယ် ။ကျွန်မကိုယ် ကျွန်မ အခန်းရဲ့ထောင့်လေးမှာနေပြီးလူမသိအောင်နေခဲ့ပါတယ်။ ဘွဲ့ရပြီး ပြန်လည်တွေ့ဆုံပွဲတွေကိုလည်း မတက်ဘဲ ရှောင်ခဲ့ပါတယ်။

ကျွန်မအသက်၂၀မရောက်ခင်အထိ ဝိတ်ချတာနဲ့ အသားဖြူတဲ့ဆေးတွေ သုံးတာဟာ ဘဝကြီးလိုဖြစ်ခဲ့ပါတယ်။ “ဝတယ်၊ ရုပ်ဆိုးတယ်” လို့ ထပ်ပြောခံရမှာကို ကြောက်တဲ့စိတ်နဲ့ အသက်ရှင်ခဲ့ရပါတယ်။ ကျွန်မရဲ့ဖြစ်တည်မှုကို လက်မခံပေးနိုင်တဲ့ လူနေမှုပတ်ဝန်းကျင်ထဲ ဝင်ဆံ့ဖို့ ကိုယ့်ကိုယ် တွန်းအားပေးခဲ့ပါတယ်။ ကျွန်မဆက်မကြိုးစားတော့ရင် လူတွေကကျွန်မကိုဘယ်လိုထင်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အသက်ရှင်ခဲ့ပါတယ်။

ကျွန်မရဲ့ဖြစ်တည်မှုကို လက်ခံမြတ်နိုးပြီး အတိတ်ကို အတိတ်မှာ မထားခဲ့နိုင်ခင်အထိ ဘဝကြီးက ခက်ခဲခဲ့ပါတယ်။

ကိုယ့်ကိုယ် ချစ်တတ်ဖို့သင်ယူနိုင်ခဲ့တယ်။ အရည်အချင်းက ပတ်၀န်းကျင်က သတ်မှတ်တဲ့ အလှအပထက်ပို အရေးကြီးတယ်ဆိုတာကို သင်ယူနိုင်ခဲ့ပါတယ်။ လူတွေ အထူးသဖြင့် ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေကတော့ ခုထိ “ဝလိုက်တာနော်” ဆိုတဲ့စကားလုံးတွေနဲ့ နှုတ်ဆက်နေတုန်းပါပဲ။ ဒါပေမဲ့ကျွန်မက အရင်လို ပျော့ညံ့တဲ့ကောင်မလေး မဟုတ်တော့ပါဘူး။ အဲ့ဒီစကားလုံးတွေကို ခေါင်းထဲမထည့်တော့ပါဘူး။ သူတို့အဲ့လိုပြောလာတဲ့အချိန် “ဟုတ်တာပေါ့” လို့ ပြောရင်း ပြုံးပြပြီး လှည့်ထွက်လာလိုက်ပါတယ်။ ကျွန်မကို သူတို့က အဲဲဲဒီစကားတွေနဲ့ စော်ကားလိုက်တိုင်း ကျွန်မ နာကျင်ခံစားရတဲ့အခါ သူတို့တွေ ရနေတဲ့ ကျေနပ်မှုကို သူတို့ကို မပေးတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ကျွန်မက ကိုယ့်ကိုယ်ကို ချစ်တယ်၊ ပြီးတော့လည်း သူမျာဆီကလည်း အချစ်ခံရတယ်။ ကျွန်မပျော်ရွှင်နေတယ်။ ကျွန်မက သူတို့ ၀ေဖန် အပြစ်တင်နေတာထက် ပိုပြီးတော့မှ အရာရာနဲ့ ထိုက်တန်တယ်ဆိုတာ သိလာခဲ့ပြီလေ။ တဖြည်းဖြည်းနဲ့ ဒီအထိတောင် ခရီးတွင်ခဲ့ပြီပဲ။ တခြားသူတွေရဲ့တံတွေးခွက်ထဲ မျောနေရတဲ့ ပျော့ညံ့တဲ့မိန်းကလေးအဖြစ်ကို ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ပါဘူး။

အခုတော့ ကျွန်မက ကိုယ့် အလင်းရောင်နဲ့ကိုယ် ပျော်ရွှင် တောက်ပနေပါပြီ။


See this content in the original post