Doh Zat

View Original

ကြယ်

ခွမ်း! အရာဝတ္တုတစ်ခုခုကို ပစ်ပေါက်လိုက်ပြီး ကျကွဲသွားသံကိုကြားလိုက်တယ်။ မြန်မြန်ရှောင်မှပဲ မဟုတ်ရင် အဲဒါက ငါ့ခေါင်းကိုလာထိတော့မှာ။ ထိပါစေတော့။ အမေ့ခေါင်းကို ထိမယ့်အစား ငါ့ခေါင်းကိုသာထိလိုက်စေချင်တယ်။ အဲ့ဒီအသံက အဖေ့ဆီကလေ။ အဖေက ဧည့်ခန်း ဆက်တီခုံမှာထိုင်ပြီး စားပွဲပေါ်က ခွက်ကို အမေ့ဆီကောက်ပေါက်လိုက်တဲ့အသံ။ ပြီးတော့ ငါတို့မောင်နှမတွေ ဆဲမိလို့ အမေရိုက်ပြီး ဆုံးမဖူးတဲ့ ကြိမ်လုံးနဲ့ပဲ အဖေက အမေ့ကို ရိုက်လိမ့်မယ်။ လူကြီးတွေ ဒေါသကို ဘယ်လိုပုံဖော်သလဲဆိုတာ အဲ့ဒီ့နည်းနဲ့ ငါသင်ကြားခဲ့ရတာပဲ။

နောက်ထပ် ၂ နှစ်လောက်အကြာ.. ငါ့အသက် ၁၆ မှာတော့ အိမ်ရဲ့ နောက်ဖေးဘက်ခြံထဲမှာ ငါအကျယ်ကြီးအော်ဆဲမိနေခဲ့တာကို မှတ်မိတယ်။ အရမ်းနာကျင်နေပြီး သစ္စာဖောက်ခံရတဲ့ ခံစားချက်တွေနဲ့လေ။ အဲ့ဒီနောက်မှာတော့ စာအုပ်တွေအများကြီးကို ငါစဖတ်တော့တာပဲ။ ငါ့စိတ်ကို အများကြီး တည်ငြိမ်အေးဆေးစေခဲ့ပြီးတော့ ပိုပြီးလည်း လူတွေကိုနားလည်လာတတ်စေခဲ့တဲ့ စိတ်ဝိဉာဉ်လမ်းညွှန်ရေးစာအုပ်တွေပါ ငါဖတ်ခဲ့တာ။ တစ်ခါတလေ ငါတွေးမိတယ်.. ဒေါသထွက်စေနိုင်တဲ့ စွမ်းရည်က ငါ့ဆီကနေများ အပြီးပျောက်သွားတာလားလို့လေ။

ကံမကောင်းစွာနဲ့ပဲ.. လွန်ခဲ့တဲ့ ၁၅ လလောက်မှာ အဲ့လူနဲ့တွေ့အပြီး ငါ့ရဲ့ အမှောင်ဘက်ခြမ်းတွေဟာ ပြန်ပြီးပေါ်လာတော့တာ။ သူကလေ ငါ့အဖေအတိုင်းပဲ.. စိတ်ပိုင်းဆိုင်ရာရော ပါးစပ်နဲ့ရော ရိုင်းစိုင်းအနိုင်ကျင့်တတ်တာတွေ။ စားသောက်ဆိုင်မှာ သူ့ကိုလေသံမာမာနဲ့ စကားပြောမိရုံနဲ့တင် ငါ့ကို လူရှေ့မရှောင် ဆဲဆိုတတ်သူ။ ငါ့ဖုန်းမှာ ငွေကြေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြည့်နေတုန်း သူကပါ လိုက်ချောင်းကြည့်တတ်လို့ အဲ့သလို ကိုယ်ရေးကိုယ်တာချိုးဖောက်တဲ့ အလုပ်တွေ မလုပ်သင့်ကြောင်း ငါပြောမိရင် ငါ့ကိုဆဲဆိုတတ်သူ။ သူနဲ့ လိင်ကိစ္စ မလုပ်ချင်ပါဘူးလို့ ငြင်းမိရင် ဆဲဆိုတတ်သူ။ ငါတို့ ပြတ်သွားပြီးတဲ့နောက်မှာတောင်မှ ငါ့ သူငယ်ချင်းယောက်ျားလေးတွေနဲ့ ဘားအတူ ထိုင်နေလို့ဆိုပြီး ဆဲဆိုတတ်သူ။ သူ့ကိုတော့ ဗုဒ္ဓဘုရားက လာကယ်ရင်တောင် အစွဲကျွတ်မယ့်သူမဟုတ်ဘူး။ “ဖာသည်မ.. အပျက်မ.. စောက်အလိမ်အညာ ဖောက်ပြန်နေတဲ့ကောင်မ” …. ငါ့ခေါင်းထဲမှာ အကုန်ရှုပ်ထွေး မှုန်ရီနေသလိုပဲ။ ငါဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ အမှုတွေကို ငါ့ကို စွပ်စွဲဆဲဆိုနေခဲ့တာ။ ပါးချပစ်လိုက်! ငါလုပ်ခဲ့တဲ့ ချက်ချင်းတုံ့ပြန်မှုက အဲ့သလို။ တကယ်လည်း သတိဝင်တဲ့အချိန်ဆို ငါ့လက်က သူ့မျက်နှာပေါ်ရိုက်မိနေပြီ။ ငါ့အိပ်ခန်းထဲ၊ သူ့ကားထဲ၊ သူ့အိပ်ခန်းထဲတွေမှာ အဲ့သလိုတွေ ခဏခဏဖြစ်တယ်။ ချက်ချင်းဆိုသလိုပဲ ငါ နောင်တရတတ်ပါတယ်။ အကြင်နာတရားနဲ့ စေတနာတရားကို ယုံကြည်သူငါက ဒေါသတကြီးနဲ့ အကြမ်းပတမ်းတုံ့ပြန်မိနေတတ်တာကို ငါ စိတ်မကောင်းဖြစ်ရတယ်။

ကိုယ့်သားသမီးတွေအပေါ် တာဝန်သိတတ်ပြီး ချစ်ခင်ယုယတတ်တဲ့ မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ ငါ့ရဲ့ အကြီးမားဆုံးသော အိပ်မက်ပဲ။ ငါ့ရဲ့သားသမီးတွေကို နွေးထွေးပြီး ချစ်ခြင်းတွေပြည့်ဝနေတဲ့ ငယ်ဘဝ အမှတ်တရတွေကိုပဲ ရစေချင်တယ်။ အမှတ်တရတွေထဲမှာ ငါလည်း တစိတ်တပိုင်း ပါဝင်နေစေချင်တယ်။ အခုတော့ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိဖို့ လမ်းကြောင်းပေါ်မှာ ငါရောက်နေပါပြီ။ တတ်ကျွမ်းနားလည်တဲ့ အတိုင်ပင်ခံတွေနဲ့လည်း စိတ်ပိုင်းဆိုင်ရာတွေ ကုသနေရင်း တစ်နေ့စီတစ်ရက်စီအတွက် ငါ့ရဲ့ အတွင်းစိတ်ကလေးကို သန့်ရှင်းစင်ကြယ်အောင်ထားပြီး နေထိုင်နေတယ်။ တစ်ခါတလေတော့လည်း ငါဘာလိုချင်လဲဆိုတာ ငါမသိဘူး။ တစ်ခုပဲသေချာတာက ငါဟာ ငါ့မိဘတွေရဲ့ ဆက်ဆံရေးမျိုးကို နောက်ထပ်လက်ဆင့်မကမ်းတော့ဘူး။


See this content in the original post