Doh Zat

View Original

ချီတာ

ချီတာဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ ချင်းမိုင်ရဲ့ မြောက်ဘက်ပိုင်း ရွာသေးသေးလေးမှာ အဘိုးအဘွားရယ်၊ အဖေရယ်၊ မောင်လေးရယ်နဲ့အတူ နေပါတယ်။ ချီတာ ငယ်ငယ်လေးမှာပဲ သူ့အမေနဲ့ အဖေ လမ်းခွဲခဲ့ကြတယ်။ ချီတာရဲ့ မောင်လေးက မွေးခါစပဲ ရှိသေးတယ်။

သူတို့ မိသားစုလေးက အိမ်ဆိုင်လေး သေးသေးလေး ဖွင့်ထားတယ်။ မိသားစုတစ်စုလုံးကို အဘွားကပဲ ဦးဆောင်တယ်။ အဖေကတော့ အလုပ်လက်မဲ့ပဲ။ ဘာမှ အသုံးမကျတဲ့အပြင် တစ်ခုခုဆိုလည်း ဒေါသပုန်က ထတတ်သေးတယ်။ အဘိုးနဲ့အဘွားကပဲ ငယ်ငယ်ကတည်းက သူတို့ကို ထိန်းကျောင်းလာခဲ့ရတယ်။ ငယ်ငယ်တုန်းကတော့ အဆင်ပြေပါသေးတယ်။ နောက်ကျတော့ မောင်လေးလည်း မွေးလာပြီးရော အဖေနဲ့ အမေနဲ့လည်း ကွဲရောပဲ။ မောင်လေးကို ထိန်းဖို့ကျတာတော့လည်း အသက် ၆ နှစ်ပဲ ရှိသေးတဲ့ ချီတာလေးရဲ့ တာ၀န်ပဲ ဖြစ်လာခဲ့တယ်။ အဖေလုပ်သူက တချိန်လုံး အရက်ပဲ မူးနေတာ။ ချီတာလေးဟာ တခြားကလေးတွေလို ကစားဖို့ ပျော်ဖို့ အချိန်မရှိခဲ့ပါဘူး။

အဘိုးနဲ့အဘွားက အသက်ကြီးကာမှ အိမ်အတွက်လည်းလုပ်ရ၊ မိသားစုကိုလည်း စောင့်ရှောက်ရပါတယ်။ အဖေဖြစ်သူက မောင်လေးငိုရင်လည်း ဒေါသထွက်ပြီး ကလေးကိုလည်း တချက်ကလေးမှ ဂရုမစိုက်ပါဘူး။ ချီတာ့ကိုပဲ ကိစ္စသေးသေးလေးကအစ ဆူပူတော့တာပဲ။ သမီးဖြစ်သူကို မချစ်တော့သလိုပါ ခံစားလာရတယ်။ တစ်ခါကျတော့ မောင်လေးက ပြေးလွှားကစားရင်းကနေ သူ့ဘာသာ ချော်ကျတယ်။ နဖူးမှာ ဒဏ်ရာသေးသေးရသွားတယ်။ သူ့အဖေက အရမ်းကို စိတ်ဆိုးပြီး သူ့ကို အိမ်ပေါ်ကနေ နှင်ချရော။ အဘိုးနဲ့အဘွားကလည်း ဘာမှ မကူညီနိုင်ခဲ့ဘူး။ သူ့အဖေက သူတို့ကိုပါ ဒေါသပိုထွက်လာမှာကို စိုးရိမ်ကြတယ်။ အဘွားက ချီတာ့ရဲ့ အဖေ့ကို အသားကုန် အလိုလိုက် အကြိုက်ဆောင်ထားတာလည်း ပါတာပေါ့။

နောက်နေ့မှာ သူ့ရဲ့ မွေးစား အစ်မကနေ ချီတာလေးကို သူနဲ့ နေဖို့ ခေါ်သွားတယ်။ ၂ ပတ်/၃ ပတ်ပဲ ရှိသေးတယ်။ သူ့အဖေက ကလေးထိန်းဖို့ ဆိုပြီး ချီတာ့ကို ပြန်ခေါ်တယ်။ ချီတာကလည်း ကျောင်းပြန်တက်ဖို့ လိုတာရောနဲ့ သူ့အဖေနဲ့အတူ စိတ်ညစ်စရာ ကောင်းတဲ့ အိမ်ကို ပြန်လိုက်လာရတယ်။ ကျောင်းတက်တာမှ ၃ ရက်ပဲ ရှိသေးတယ်။ ကိုဗစ်ကြောင့်ဆိုပြီးမှ ကျောင်းတွေ ပိတ်လိုက်တော့ အိမ်မှာပဲ ပြန် ပိတ်မိသွားပြန်ရော။

ချီတာလေး စဥ်းစားတာကတော့ ကျောင်းပြန်ဖွင့်ခဲ့ရင် အနည်းဆုံး အိမ်မှာ အသုံးမကျတဲ့ အဖေနဲ့အတူ ၂၄ နာရီ အပြည့်မနေရတော့ဘူးပေါ့။ သူလည်း တခြား ကလေးတွေလို ပျော်ချင်တာပေါ့။


See this content in the original post