Doh Zat

View Original

ရိုဘော့

ဖြစ်တာတော့ တော်တော်ကြာပြီ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက် ကျွန်မမြို့ကနေထွက်လာကတည်းက မေ့တတ်တဲ့အကျင့်ကြီးစဖြစ်လာတယ်။

ကျွန်မက နယ်ကနေ ရန်ကုန်မှာတစ်ယောက်ထဲလာနေပြီး သတင်းထောက် အလုပ်လုပ်နေတာ။ အမျိုးအဆွေလည်းမရှိဘူး မိဘကလည်း အဝေးမှာ။ အာဏာသိမ်းတာစဖြစ်ပြီးနောက် နိုင်ငံရေးအခြေအနေတွေ မတည်ငြိမ်တော့တဲ့အခါ တစ်ခုခုဆို ရန်ကုန်မှာကလည်း ပြေးပုန်းစရာ အားကိုးစရာ ဘယ်သူမှ မရှိတာနဲ့ နယ်က မိဘအိမ်ကို ကျွန်မ ပြန်ခဲ့ရတယ်။ အဲဒီအချိန်က အင်တာနက်တွေဖြတ်ထားတဲ့အချိန် Cable နဲ့အင်တာနက်တွေပဲ သုံးလို့ရတယ်။ ကျမအိမ်မှာက အင်တာနက်မရှိတော့ မြို့က ကျမနဲ့အဆင်ပြေလောက်တဲ့နေရာကိုရွေးပြီး အချိန်ပိုင်းသွားသုံးရတယ်။ဒါကလည်းရေရှည်ကျတော့ အဆင်မပြေဘူး။ အဲဒီတော့ ကျမနဲ့အဆင်ပြေနိုင်မယ့် နောက်တစ်နေရာကိုရှာတော့ ကျမတို့မြို့နဲ့က ၁၅မိုင်လောက်ဝေးတယ်။ သတင်းအလုပ်ကိုလည်း မရပ်ပစ်ချင်တဲ့အခါကျတော့ တစ်ပတ်မှာ ၂ရက်လောက် အဲဒီ ၁၅မိုင်လောက်ဝေးတဲ့နေရာကို အင်တာနက်သွားသုံးရတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ရတာတွေရှိတယ်ဆိုတော့ အဲ့ဒီ ၁၅ မိုင်ခရီးဟာ တကယ့်ငရဲပဲ။ ကွန်ပျူတာတွေ ဖုန်းတွေ အသံဖမ်းစက်တွေနဲ့ အိတ်ထဲမှာ သယ်လာရတော့ အမြဲတထိတ်ထိတ်နဲ့။

အဲဒီနေရာမှာအင်တာနက်သုံးတော့လည်း သီးသန့် လွတ်လွတ်လပ်လပ်သုံးရတာမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက်နဲ့ ကျောမလုံဘဲ သတင်းအလုပ်တွေကို လုပ်ရတယ်။ အိမ်က မိသားစုတွေကလည်း ကျွန်မကြောင့် ကောင်းကောင်းမနေနိုင်တော့ဘူး။ အမေဆို ညတွေ မအိပ်ဘူး။ အိမ်ရှေ့ကို ခဏခဏထွက်ကြည့်လိုက် ကျွန်မ အိပ်ခန်းထဲမှာရှိနေသေးရဲ့လားလို့ လာကြည့်လိုက်နဲ့။ ကြာတော့ ကျွန်မက အိမ်ကိုလည်း အားနာလာတယ်။ ကျွန်မရှိနေတာက သူတို့အတွက် အိပ်ရေးပျက် အစားပျက် ဘယ်တော့ လာဖမ်းမလဲ ကြောက်နေရတဲ့ ပူပင်မှုတွေနဲ့။

အဲ့ဒါကြောင့်ပဲ နောက်ဆုံးမှာ နိုင်ငံခြားကိုထွက်လာဖို့ ဆုံးဖြတ်လိုက်တာ။ ကျွန်မ ဒီဘက်ကိုရောက်တော့လည်း အလုပ်ကိုတော့မရပ်လိုက်ဘူး။ ဆက်လုပ်နေတုန်းပဲ။ မိသားစုကို စိတ်ပူပေမယ့် ကျွန်မ တတ်နိုင်တဲ့ဘက်ကနေ ဒီအလုပ်ကိုဆက်မလုပ်နေရင် ပိုပြီးယူကျုံးမရနဲ့ အပြစ်စိတ်ကြီးတွေ ဖြစ်နေမှာကို ကြောက်တယ်။ သတင်းတွေ လုပ်နေရတာဆိုတော့ သတင်းဆိုးတွေ ဓာတ်ပုံတွေမြင်ရ၊ ဖတ်ရ၊ အင်တာဗျူးဖြေတဲ့လူတွေရဲ့ ငိုသံတွေကြားရနဲ့ စိတ်ချမ်းသာစရာတွေနဲ့ အရမ်းဝေးပါတယ်။ နယ်မှာ မီးရှို့ခံရတဲ့သတင်းတွေအသေးစိတ်ကြားရ၊သတင်းလုပ်ရတိုင်း ကျမစိတ်တွေလေးလံ ရင်ဘတ်တွေအောင့်လာ အသက်ရှုတွေကျပ်လာတယ်။

ဒါပေမယ့် မနက်ပိုင်းအဲလိုဖြစ်တယ်ပဲထား - ညနေဆို ကျွန်မ အဲ့ဒီ့စိတ်ကိုမေ့သွားတယ်။ အသိစိတ်ကို ထိန်းလို့ရနိုင်ပေမယ့် ညဘက်မသိစိတ်ထဲ ဝင်လာတဲ့အိမ်မက်ဆိုးတွေ ကိုတော့ထိန်းလို့မရဘူး။ တစ်ခါတစ်ခါ အိမ်မက်ဆိုးတွေ ဆက်တိုက်မက်တယ်။ အိမ်မက်ထဲမှာ အဖမ်းခံရတယ်။ အရမ်းကြောက်စရာကောင်းတဲ့ အိမ်မက်တွေပေါ့။ အိမ်မက်တွေက လန့်ပြီးနိုးလာရင် အော် ငါဘာမှမဖြစ်သေးဘူးပေါ့။ အသိစိတ်ပြန်ဝင်တာနဲ့ ကျမ ဖြစ်ခဲ့တာတွေကို ရအောင်ပြန်မေ့တယ်။ ကျမမေ့လို့ရပါတယ်။ ကျမနဲ့တိုက်ဆိုင်ခဲ့တဲ့အဖြစ်အပျက်တွေကို မမြင်ရမကြားရမချင်းပေါ့။ အဲ့ဒီလို ကြိတ်မှိတ်ပြီး မေ့ရင်း မေ့ရင်းနဲ့မှ တစ်ခါတစ်လေ ကိုယ်ပြောမယ့်စကားတွေ ကိုယ်လုပ်ခဲ့တာတွေကိုပါ ယောင်ယမ်းမေ့ကုန်တာ။ ငိုဖို့လည်းမေ့နေတတ်တယ်။ ငိုလို့လည်းမရဘူး မျက်ရည်ကျလို့ မရဘူး။

အရင် ပြည်တွင်းမှာနေတုန်းက အဖမ်းခံရဖို့ ကြောက်နေတဲ့ အကြောင်းကို ပြန်စဥ်းစားရင်လည်း ဖြစ်ရပ်တွေ အကြောင်းသာ ပေါ်ချင်ပေါ်လာမယ်။ အဲ့ဒီ့တုန်းက ခံစားနေခဲ့ရတဲ့ စိတ်တွေကို မသိတော့ဘူး။ ကြောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဆိုတာရော ဘယ်လိုဖြစ်တာမျိုးလဲ။ သူများတွေ သတင်းဆိုးတွေ ကြားရလို့ ငိုနေရင်လည်း ကျွန်မက ကြောင်တောင်တောင်ကြီးနဲ့။ ဘာခံစားရမလဲဆိုတာကို ကျွန်မ တကယ်မသိတော့တာ။ ပြီးတော့ သိလည်းမသိချင်ဘူးဖြစ်နေတယ်။ ခံစားချက်တွေကို ပြန်သိသွားရင် ကျွန်မ အရမ်းနာကျင်ရမယ်ထင်တယ်။ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ပူပင်စိုးရိမ်တာ အဲ့ဒါတွေကို ပြန်လုပ်တတ်သွားရင် ကျွန်မ အခုလို နေ့တိုင်းအလုပ်တွေ မလုပ်နိုင်တော့မှာစိုးတယ်။

ဒီအချိန်မှာ သတင်းတွေလုပ်နေဖို့၊ အတိုင်းအတာတစ်ခုအထိ ဝင်ငွေရှိနေဖို့၊ အသက်ရှင်နေပြီး ရှေ့ဆက်လှမ်းနေရင်း တော်လှန်‌ရေးကို တစ်ဘဘက်ကနေ ကူနိုင်ဖို့က အဲ့လိုကြီး စိတ်ပင်ပန်းနေလို့ မရဘူးလို့ ထင်တာပဲ။ သတင်းတွေပဲ ရေးမယ်။ ရေးနေရင်း ခံစားမယ် ခဏဏနေရင် မေ့ပစ်မယ်။ ခံစားချက်တွေ မရှိဘဲ နေလို့ရသရွေ့ နေလိုက်ဦးမယ်။ မေ့ထားလို့ရသမျှ ကျွန်မရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို မေ့ထားလိုက်မယ်။

နောက်မှ ဘာဖြစ်ဖြစ်...။


See this content in the original post