Doh Zat

View Original

ကျမရဲ့ဇာတ်လမ်း

ကျမ ခန္ဓာကိုယ်ဟာ ဘယ်လိုရှင်သန်သလဲဆိုတာ ပြန်စဉ်းစားရင်း ကျမရဲ့ ခန္ဓာကိုယ်ထဲ တဖန်ပြန်လည် ရှင်သန်ဖို့ ကျမ စတင်ခဲ့တယ်။ ကျမရဲ့ ခြေထောက်တွေကို လမ်းတွေလျှောက်ဖို့၊ အမြင့်ကို တက်ဖို့ အသုံးပြုရင်း ကျမရဲ့ သွေးတွေ နွေးလာကာ ကြွက်သားတွေလည်း ပြေလျော့လာခဲ့တယ်။

ကျမရဲ့ လက်တွေက လှပတဲ့အရာတွေကို ဖန်တီးဖို့၊ ချစ်သူရဲ့ အရေပြားကို ထိတွေ့ဖို့ …

ကျမ ခြေချောင်းတွေက ခြေထောက်အောက်က မြေကြီးကို ထိတွေ့ဖို့ …

ကျမ လက်ချောင်းတွေက ပင်လယ်ရေနဲ့ သဲနွေးနွေးတွေထဲ တို့ထိဖို့ …

ဒါပေမယ့် နွေမကုန်ခင်မှာပဲ သူစိမ်းတစ်ယောက်က ကျမကို အမြတ်ထုတ်သွားခဲ့တယ်။ ကျမကို နံရံထောင့်ကို ကပ်ပြီး ကျမကို လိင်ဆက်ဆံဖို့ တောင်းဆိုတယ်။ ကျမရဲ့ ခန္ဓာကိုယ်နုနုလေးထဲကို သူ့ရဲ့ လက်ချောင်းကြမ်းကြမ်းကြီးတွေကို ထိုးသွင်းတယ်။ ကျမကို ခပ်ကြမ်းကြမ်းဆွဲယူပြီး ထိတယ် တို့တယ်။ ကျမ သူ့ရဲ့ လက်ချောင်းတွေကို ကျမယောနိထဲထည့်ဖို့ အလိုမရှိခဲ့ပါဘူး။ ကျမလက်ချောင်းတွေကို သူ့လိင်တံကို အတင်းကိုင်ခိုင်းတာကို မနှစ်မြို့ခဲ့ဘူး။ ကျမ အလွန်ကြောက်ပြီး သိမ်ငယ်သွားခဲ့ရတယ်။

ကျမကို အေးစက်နေတဲ့ ကျောက်တုံးကြီးကို အတင်းမြိုခိုင်းသလိုပါပဲ။ နူးညံ့မှုဆိုတာ မရှိခဲ့၊ လေးစားမှုဆိုတာ မရှိခဲ့ဘူး။ “အယုတ်တမာကောင်၊ လီးပဲ” လို့ ကျမ ဆဲခဲ့ရမှာ။ ဘာမှမလုပ်နိုင်ဘဲ ငြိမ်သက်ခဲ့တာ ကျမ အပြစ် မဟုတ်ပါဘူး။ ကျမရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်၊ ကျမရဲ့ကိုယ်ပိုင်ယောနိနဲ့ ပတ်သက်ပြီး ကျမမပိုင်ဘူးလို့ လူ့အဖွဲ့အစည်းက ကျမကို သင်ပေးခဲ့တာက ကျမအပြစ် မဟုတ်ပါဘူး။

နှစ်အနည်းငယ်အကြာ ဇန်နဝါရီလရဲ့ အေးတဲ့ညတစ်ညမှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ရက်ရက်စက်စက် မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရတယ်။ သူ့ကို ရက်သတ္တပတ်များစွာ ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးတော့ ရေစပ်နားမှာ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ တတိုင်းပြည်လုံး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ သတင်းပါ။ လူတွေက ကျမသူငယ်ချင်းကို ဝိုင်းအပြစ်တင်ကြတယ်။ သူ့ကို မုဒိန်းကျင့်တဲ့ အယုတ်တမာကောင်က ထောင်ထဲရောက်ခဲ့တယ်၊ ဒါပေမယ့် တရားမျှတမှုကို မရသေးပါဘူး။

အဲဒီနောက်မှာ ကျမ ညဘက် အိမ်ကို လမ်းလျှောက်ပြန်လာတဲ့အခါ၊ ကားမောင်းပြန်လာတဲ့အခါမျိုးမှာ ယောက်ျားတစ်ယောက်ပုံစံ လမ်းမရဲ့ဘေးမှာ ရပ်ပြီး စောင့်နေတာမျိုး အရိပ်အယောင်တွေအဖြစ် ကျမ စိတ်ထဲကနေ ထင်ရောင်ထင်မှားမြင်လာရတာမျိုးတွေ အထိ မလုံခြုံမှုကို ခံစားလာခဲ့ရတယ်။

ကျမရဲ့ ခန္ဓာကိုယ်ထဲမှာ အတိတ်က မှတ်ဉာဏ်တွေ နေထိုင်နေဆဲပါ။ အဲဒီ မှတ်ဉာဏ်တွေပြန်ပေါ်လာတဲ့အခါတိုင်း ကျမရဲ့ ခြေထောက်တွေ တောင့်တင်းလာပြီး၊ ကျမ အိပ်လို့ မပျော်ပါဘူး။ ကျမရဲ့ စိတ်တွေ လှုပ်ရှားမြန်ဆန်နေပြီး မှတ်ဉာဏ်ထဲက အပိုင်းအစတွေ စုစည်းပုံဖော်နေတယ်လို့ ခံစားရပါတယ်။ တချိန်တည်းမှာပဲ ကျမ ကျောက်ရုပ်လို ငြိမ်သွားပြီး ထွက်ပြေးချင်စိတ်လည်း ပေါ်လာပါတယ်။ အဲဒီမှတ်ဉာဏ်တွေထဲက တချို့က ကျမကိုယ်တိုင်ကြုံခဲ့တာဖြစ်ပြီး တချို့ကတော့ ကျမရဲ့ ခန္ဓာကိုယ်ထဲရောက်နေတဲ့ အခြားသောအမျိုးသမီးများရဲ့ မှတ်ဉာဏ်တွေ ဖြစ်နေပါတယ်။

ကျမရဲ့ နာကျင်မှုကို လူတွေက လက်မခံကြဘူး ဒါမှမဟုတ် ဟောဒီကမ္ဘာကြီးမှာ ကျမတို့ရဲ့ နာကျင်မှုတွေကို ဖော်ပြဖို့ လုံလောက်တဲ့နေရာမရှိဘူးလို့ ကျမ အချိန်အတော်ကြာအောင် ခံစားခဲ့ရပါတယ်။ ကျမခံစားရတဲ့ အတွေ့အကြုံဆိုးတွေကို တကြိမ်တခါလောက် ပြောပြလိုက်ရင် လုံလောက်ပြီလို့ ကျမ ထင်ခဲ့ပေမယ့် တကယ်တော့ ကျမ ဒီအကြောင်းတွေကို တစ်ခါထပ် ပိုပြီးမှ ပြောဆိုနေဖို့ လိုအပ်တယ်ဆိုတာ သိလာခဲ့တယ်။ တခါတလေမှာ ကျမတို့ရဲ့ နာကျင်မှုတွေ အားလုံးကို ကမ္ဘာကြီးသိအောင် ကျမတို့အားလုံးက ပြောဆိုလိုက်မယ်ဆိုရင် ကမ္ဘာကြီးများ ပေါက်ကွဲထွက်သွားမလားလို့  တွေးမိပါတယ်။ ကျမ ဒီကိစ္စကို ကိုင်တွယ်နိုင်ပါ့မလား။ ကျမတို့ ဒီကိစ္စ ကိုင်တွယ်နိုင်ပါ့မလား။ ဒီအရာတွေကို ပြောင်းလဲအောင် လုပ်လို့ မရတော့ဘူးလား။

နာကျင်မှုတွေဟာ “ကျမတို့ ဒီမှာ ရှိနေတယ်၊ ကျမတို့ အသက်ရှင်နေတယ်၊ ပြီးတော့ ကျမတို့ ဒီနာကျင်မှုတွေကို ခံစားနေရတယ်” လို့ အဓိပ္ပာယ်ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ကျမတို့ရဲ့ ညီအစ်မတွေဟာ အဲဒီလို့ မခံစားရတော့ဘူး။ အသတ်ခံရတဲ့ ကျမတို့ရဲ့ ညီအစ်မတွေဟာ သူတို့ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာကို မဖော်ပြနိုင်ကြတော့ဘူး။ ဒီတော့ သူတို့ ခံစားရတဲ့ နာကျင်မှုတွေနဲ့ ကြုံတွေ့ရတဲ့ မတရားမှုတွေကို ကျမတို့ ပြောပြဖို့လိုတယ်။ သူတို့ဘဝမှာ ကြုံခဲ့တဲ့ ပျော်ရွှင်ရတဲ့အချိန်တွေကို အမှတ်ရဖို့လည်း လိုအပ်တယ်။


See this content in the original post