Doh Zat

View Original

စိတ်ထဲကအမှောင်

ကျမ အသက် ၆ နှစ်အထိ အမှောင်ဆိုတာကို မသိခဲ့ဘူး..

အသက် ၆ နှစ်မှာ အိမ်အသစ်တစ်ခုကို ပြောင်းသွားရတာ ကျမ မှတ်မိတယ်.. အိမ်အနီးအနားမှာ ကလေးတွေ အများကြီးရှိတာလည်း မှတ်မိတယ်.. ကလေးတွေ အတူတူ ဆော့ကြတိုင်း ကလေးအုပ်ကြီးနားမှာ အသက်ကြီးကြီး အစ်ကိုကြီး ၂ ယောက်က အမြဲတမ်းပဲ “ဟိုလူဟိုဟာလုပ် ဒီလူဒီဟာလုပ်” နဲ့ ကလေးသူကြီးလုပ်နေတယ်ဆိုတာကိုလည်း မှတ်မိတယ်.. အသက်ငယ်ငယ် ပိန်ပိန်သေးသေး ကျမက ကစားတိုင်းအမြဲတမ်း ထိလွယ်ရှလွယ် လဲပြိုလွယ်လို့ အသင်းတွေခွဲပြီး ကစားကြတိုင်း ကျမကို ဘယ်ဘက်ကမှ မခေါ်ချင်တာလည်း မှတ်မိခဲ့သေးတယ်..

ကျမ အဖေနဲ့အမေက အလုပ်ပြန် နောက်ကျတတ်တော့ သူငယ်တန်းကျောင်းဆင်းပြီး အိမ်ပြန်လာတဲ့ ကျမကို အိမ်နီးချင်း အဒေါ်ကြီးဆီမှာ ကြည့်ရှုပေးဖို့အပ်ထားခဲ့တဲ့အကြောင်းကိုတော့ ကျမ သိပ်မမှတ်မိဘူး.. ကလေးသူကြီးလုပ်တဲ့ အစ်ကိုကြီး ၂ ယောက်ဟာ ဒီအိမ်က အဒေါ်ကြီးရဲ့ သားတွေဆိုတာကိုလည်း သေချာမမှတ်မိတော့ဘူး.. ကလေးတွေ ဆော့ကြတဲ့အခါ အတူတူဆော့ချင် ပါချင်ရင် သူတို့နဲ့အတူ ကစားနည်းတစ်ခုအရင်ကစားမှ ပါခွင့်ပေးမယ်ဆိုတာမျိုး ပြောတာတွေကိုလည်း သိပ်မမှတ်မိဘူး.. မမှတ်မိချင်ဘူး..

ကျမ ပေါင်ကြားမိန်းမကိုယ်မှာ နာတာတွေ ပူပူကြီးဖြစ်နေတာတွေ.. သူတို့က ကျမကိုယ်ခန္ဓာပေါ်အနှံ့ ပွတ်သပ်ထိတွေ့တာတွေ.. ပါးစပ်ထဲ လက်ထဲရောက်လာတဲ့ သူတို့ အသားစိုင်တွေ.. အရွယ်တူ သူငယ်ချင်းကို အဲ့ဒီ့ကစားနည်းသိသလားလို့ မေးမိလို့ “အဲ့ဒါ့လူကြီးတွေပဲ ကစားရတာ.. နင်တော့ ဗိုက်ပူလာပြီး ကလေးလေးမွေးတော့မှာပဲ.. နင်တော့ ငရဲကျတော့မှာပဲ” ဆိုတဲ့ အလန့်တကြား အပြောတွေကိုတော့ မမှတ်မိချင်တော့ဘူး.. ဘာမှ မမှတ်မိချင်တော့ဘူး..

ငရဲကိုသွားရရင် ဘာတွေဖြစ်မလဲလို့ ဗုဒ္ဓဝင်စာအုပ်တွေ ဖတ်ခဲ့ရတဲ့ အချိန်ကာလတွေဟာ တကယ်တော့ ငရဲပဲဆိုတာကို ကြီးလာမှပဲ ကျမသိတော့တယ်.. ငရဲမှာခံရမယ့် နာကျင်ဆင်းရဲမှုတွေကို ကြောက်လွန်းလို့ သေမှာကို လိုတာထက်ပိုကြောက်ခဲ့ရတယ်.. ငြိမ်ငြိမ်လေးထိုင်ပြီး စာအုပ်ဖတ်တာကလွဲရင် ဘာကစားနည်းကိုမှ မကစားရဲဘူး.. ကျမ သေမှာကြောက်တယ်လေ.. မိဘတွေက ငရဲအကြီးခံပြီး ကျမတို့ကို မွေးပေးထားတာလားလို့ ထင်မိလို့ မိဘတွေ ဘာဖြစ်ဖြစ် ကျမကြောင့်လို့ ကိုယ့်ဘာသာအပြစ်ယူတတ်တဲ့စိတ်ဟာ အသက် ၆ နှစ်ကတည်းကစပြီး အခုအချိန်ထိပါပဲ.. ကလေးဘဝတစ်လျှောက်လုံး ဘယ်လိုမှ မပျော်ရတော့ဘူး.. လူအများနဲ့ စကားပြောရမှာ ဆော့ရမှာ သွားလာရမှာ ကြောက်တယ်.. သူငယ်ချင်းတွေက ကျမအကြောင်းသိသွားပြီး ကျမကို ရွံမှာ စမှာ အရမ်းကြောက်တယ်.. လုပ်ဇာတ်တွေ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ထွင်ပြီး ပြောတယ်.. ဘာလေးဖြစ်ဖြစ် စကားမှန်မှန်မပြောမိဘဲ  ညာတယ်.. တကယ်ကို ပြန်စဉ်းစားလို့တောင် မစဉ်းစားချင်တဲ့ ကလေးဘဝပါ

အသက်တော်တော်လေးကြီးလာပြီး အမေက ပေးဖတ်တဲ့ လိင်မှုဆိုင်ရာပညာပေးစာအုပ်တွေ ဖတ်ပြီး လိင်ကိစ္စဆိုတာ သဘာဝပဲ သွေးသားအရဖြစ်တာပဲ ငရဲကြီးတာမဟုတ်ဘူးလို့ သိလာတယ်.. ဒါပေမယ့် အရွယ်ရောက်လို့ ရည်းစားသနာစထားတဲ့အချိန်ကျပြန်တော့ လူတွေက ကျမကို မချစ်ဘဲနဲ့ လိင်စိတ်အတွက် အသုံးချဖို့ ကြံနေတာပဲလို့ ထင်လာပြန်တယ်.. ဘယ်သူ့ကိုမှ မယုံဘူး.. relationship တခုကို ကြာရှည် ကျမ မရဘူး.. ရည်းစားက နမ်းရင် ဖက်ရင် သမီးရည်းစားသဘာဝ နည်းနည်းပါးပါး ကိုင်တွယ်တာတွေ ရှိလာရင် ကျမ သည်းမခံနိုင်ဘူး.. ငိုချင်တ ယ် ငိုတယ်.. စိတ်လွတ်သွားတယ် ဒေါသထွက်တယ် ပေါက်ကွဲတယ်.. အဲဒီလူကို ရွံတယ်.. တချိန်ထဲပဲ ကျမ အဲဒါကို အရမ်းလည်း စိတ်ဝင်စားတယ်.. ပြီးတော့ ကျမ ထင်တယ်.. ကျမ ရူးနေပြီလားပေါ့.. ကျမ ဘယ်တော့မှ ရည်းစားထားလို့မရတော့ဘူးလား ယောက်ျားယူပြီး မိသားစုဘဝတခု မရတော့ဘူးလားဆိုပြီး ထင်တယ်..ကျမ အထီးကျန်ခဲ့တယ်..  

နှစ်ပေါင်းများစွာ သေမှာကြောက်တဲ့စိတ်.. ရူးနေပြီလို့ထင်တဲ့စိတ်.. လူတွေက ငါ့ကို ရွံနေမှာပဲဆိုတဲ့ စိတ်ကြီးတွေနဲ့ ညတွေမအိပ်နိုင်ဘဲ ငိုယိုရင်း ရှင်သန်ခဲ့ပြီးနောက် အသက် ၆ နှစ်မှာ စသိခဲ့တဲ့ အမှောင်တွင်းကြီးထဲကနေ ထွက်ခဲ့နိုင်ဖို့ လမ်းစအကူအညီတွေ ကျမရခဲ့တယ်.. အမှောင်ကနေ ကျမထွက်လာခဲ့တယ်.. ကျမအပေါ်ကျူးလွန်ခဲ့တဲ့လူတွေကို ဖျတ်ခနဲ ခဏအတွေ့မှာ သတိလစ်လဲကျမတတ် ကြောက်ရွံ့ခဲ့ဖူးတဲ့ ခံစားရသူ ကျမက အခုတော့ ရှင်သန်သူတစ်ယောက်အနေနဲ့ အလင်းထဲကနေ ပြုံးနေနိုင်တယ်..


See this content in the original post