Doh Zat

View Original

တွင်းအောင်းကြွက်

ည (၉) နာရီရောက်တိုင်း စိတ်ထဲ သတိထားပြီး အမြဲနေမိတယ်။ ည (၉) နာရီ ရောက်တိုင်း သူတို့က ကျမတို့ နေတဲ့ မြို့ကို ကင်းပတ်ပြီး သူတို့ဝင်ဖို့ သတ်မှတ်ထားတဲ့ လမ်းတွေထဲ ဧည့်စာရင်း ဝင်စစ်တာတို့၊ သတင်းရထားတဲ့ အိမ်တွေကို ဝင်ရှာတာမျိုး နေ့တိုင်း လုပ်တယ်။ 

သူတို့ ကျမတို့တိုက်ကို ပထမဆုံး ဝင်စစ်တဲ့ညကဆို အရမ်းထိတ်လန့်ခဲ့ရတာ၊ သွားပြီပေါ့၊ စိတ်ကိုအတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားပြီး ရင်ဆိုင်ခဲ့ရတယ်။ သူတို့ပြန်သွားပေမယ့် ထိတ်လန့်စိတ်က အမြဲကြီးစိုးနေတယ်၊ နောက်နေ့ ပြန်လာကြမလား ဆိုပြီးတော့။ သူတို့ကားသံနဲ့ ဆင်တူတဲ့ ကားစက်သံ ကြားပြီဆိုလည်း ခေါင်းတထောင်ထောင်နဲ့ အမြဲနားစွင့်နေရတော့ အရင်လို စိတ်အေးလက်အေး မနေရတော့ဘူး။ စိတ်တွေ အကျဉ်းကျ နေလိုက်ကြတာ တအိမ်လုံး၊ တမြို့လုံး၊ တနိုင်ငံလုံး။ ကိုယ့်ဘာကိုယ် ဘာအပြစ်မှ မလုပ်ဘဲ ဝရမ်းပြေးလို၊ တရားခံလို နေရတဲ့ ဘဝကြီးက ဆိုးလိုက်တာ။

အလုပ်တွေလည်း အရင်လို လွတ်လပ်မှုအပြည့်နဲ့ မလုပ်ရတော့ဘူး။ ပုန်းရှိုးကွယ်ရှိုးနဲ့ အင်မတန် သတိထားပြီး လုပ်နေရတယ်။ သိရင် အဖမ်းခံရမှာလေ။ သတင်းအရင်းအမြစ်တွေနဲ့ သတင်းမေးဖို့ လုပ်လိုက်တိုင်း တွေ့တဲ့သူ မေးလိုက်လို့ မရတော့ဘူး။ သူက ကိုယ့်ကို အန္တရာယ် ပြန်ပေးမယ့်သူလား၊ မဟုတ်လောက်ဘူးလား ဆိုပြီး အရင် စစ်ဆေးကြည့်ပြီးမှ မေးရတာမျိုး လုပ်ရတယ်။ အလုပ်နှောင့်နှေးသွားရတဲ့ အကြောင်းတွေထဲက တစ်ခုပေါ့။ တချို့တွေကလည်း အရင်လို အကြောက်တရား မရှိဘဲ ဖြေတာမျိုး မလုပ်ရဲကြတော့ဘူး ။ သတင်းအင်တာဗျူးဆို မဖြေရဲကြတော့ဘူး။အရင်ကလို၊ အရင်ကလိုမျိုးဆိုပြီး အရင်လိုဘဝမျိုးကို တမ်းတရုံပဲ တတ်နိုင်တော့တယ်။ လွတ်လပ်မှုက ဈေးကြီးလိုက်တာနော်။ 

လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကဆို ပိုဆိုးတယ်။ အိပ်တဲ့အချိန် ခဏခဏ လန့်နိုးပြီး ကျီးလန့်စာ စားနေခဲ့ရတာ။ အိပ်မက်တွေထဲမှာပါ သူတို့လာဖမ်းလို့ ထွက်ပြေးနေရတာမျိုးတွေ၊ စစ်ပွဲထဲ ရောက်ပြီး စစ်တိုက်နေတာမျိုးတွေဟာ နေ့တိုင်းမက်နေကျ အိပ်မက်တွေ ဖြစ်လာခဲ့တာပေါ့။ 

မလွတ်မြောက်နိုင်မှန်းသိလာတဲ့အခါ၊ ဘာမှမတုံ့ပြန်နိုင်မှန်း သိလာတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်မိတယ်။ ပြီးခဲ့တဲ့ ကိစ္စ တော်တော်များများ အရင်လို မှတ်ဉာဏ်ထဲမှာ စွဲနေတာမျိုး မရှိတော့ဘူး။ မေ့လွယ်လာခဲ့တယ်။ မှတ်မိသလောက် ပြောရရင် အဲ့အချိန်က ကျမနေတဲ့ နေရာမှာ စစ်ဆေးတာတွေ အရမ်းများတယ်။ နေရာတိုင်းမှာ စစ်သားတွေ စစ်ကားတွေ အပြည့်ပဲ။ လမ်းမှာ သွားသမျှ ဖြတ်သွားဖြတ်လာတွေ သူတို့ သံသယရှိရင် အကုန်စစ်တယ်။ ဖုန်းတွေ အကုန်ဖွင့်ပြရတယ်။ ဘယ်မှာလဲ တကိုယ်ရည် လုံခြုံမှု၊ လွတ်လပ်မှု။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေအကုန် ကိုယ့်နိုင်ငံတွင်းမှာ ကိုယ်နေထိုင်ပြီး ပိတ်ပင်ခံရတာ ရင်နာစရာပါပဲ။

အဲဒီကာလတွေတုန်းက ကျမ အသိတွေထဲမှာ ဖမ်းဆီးခံရတဲ့ထဲ ပါသွားတဲ့သူပါ၊ သတင်းဆိုးတွေ အမြဲကြားရ၊ ကျမ ကိုယ်တိုင်လည်း အလုပ်လက်မဲ့လိုမျိုး ဖြစ်ခဲ့တော့ ယုံကြည်မှုပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားခဲ့ရတယ်။ ယုံကြည်မှု ပျောက်နေချိန် အမျိုးသမီး သဘာဝအရ ဓမ္မတာလာချိန်နဲ့ တိုက်ဆိုင်နေတော့ ကျမကိုယ်ကျမ ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ကျမ မြတ်နိုးရတဲ့ ဆံပင်တွေကို ရည်ရွယ်ချက်မရှိဘဲ ဒီအတိုင်း ညှစ်ပစ်ခဲ့တယ်။ အဲဒီနေ့က စိတ်ထဲ ဖြစ်နေတာတွေ တဖြည်းဖြည်း စုပုံလာပြီး ပေါက်ကွဲသွားတဲ့သဘောပဲ။ ကျမကိုယ်တိုင်လည်း ဘာကိုမှ ထိန်းချုပ်လို့ မရတဲ့ အခြေအနေမို့ ကိုယ်လုပ်ချင်တာကိုယ် မစဉ်းစားဘဲ လုပ်ခဲ့လိုက်တယ်။ ဆံပင်တွေကို ကိုယ်ဘာသာကိုယ် ညှပ်ပစ်တယ်။

ကိုယ်ဘေးနားရှိတဲ့သူတွေကို ပြဿနာ ရှာမိတာမျိုးတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလာမိတာတွေ။ အခုတော့လည်း အဲ့ဒီဒုက္ခ‌‌နဲ့ နေသားကျနေပါပြီ။ ပုံမှန်ဘဝလို ဖြစ်နေပြီ။ တဖြည်းဖြည်းနဲ့ နိမ့်ကျသွားရတဲ့ ကိုယ့်ဘဝကိုယ် သနားလိုက်တာ။


See this content in the original post